
AB News – ဇွန် ၉၊ ၂၀၂၆
ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် ပင်လယ်ပြင်တွင် ဝက်တင်၍ ပြန်လာသည့် ဘုတ်တစ်စီးကို စစ်ကော်မရှင်တပ်မှ စက်သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဝက်တင်ဘုတ်တွင်လိုက်ပါလာသည့် ပြည်သူ ၂ ဦး ပြင်းထန်ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။
ပြင်းထန်ဒဏ်ရာရရှိသွားသူ ၂ ဦးမှာ အမ်းမြို့နယ်၊ စိတ္တရကျေးရွာမှ အသက် ၁၅ နှစ်အရွယ် မောင်ဘတ်ပေနှင့် အသက် ၅၂ နှစ်အရွယ် ဦးမောင်ဟန်တို့ဖြစ်ကြောင်း သိရသည်။
၎င်းတို့ ၂ ဦးအပါဝင် ဦးမောင်ဆန်းနွယ်တို့ ၃ ဦးသည် ဇွန်လ ၇ ရက်နေ့၊ နံနက် ၉ နာရီခန့်အချိန်တွင် ရမ်းဗြဲမြို့နယ်၊ မင်းကြောင်းတံတားဘက်မှ ဝက်တင်၍ ပြန်လာစဉ် ကျောက်ဖြူမြို့နယ်၊ အောင်လံချိန်ကျေးရွာအနီးရှိ သံဇစ်မြစ်ထဲအရောက်တွင် စစ်ကော်မရှင်တပ်၏ ပစ်ခတ်တိုက်ခိုက်မှုကို ခံခဲ့ရခြင်းဖြစ်သည်။
အဆိုပါဝက်တင်ဘုတ်နောက်သို့ စစ်ကော်မရှင်တပ်မှ Speed Boat ဖြင့် မောင်းနှင်လိုက်ပါလာပြီး စက်သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ဦးမောင်ဟန်၏ ခြေထောက်နှစ်ဖက်တွင် ကျည်ဖောက်ထွက်သွားပြီး မောင်ဘတ်ပေ၏ ညာဘက်လက်မောင်း ညှပ်ရိုးနားတွင်လည်း ကျည်ထိမှန် ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ဒဏ်ရာရရှိခဲ့သူ ၂ ဦးမှာ အရေးပေါ် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း ကျောက်ဖြူမြို့နယ် ပင်လယ်ပြင်အတွင်း ငါးဖမ်းထွက်သည့် အရပ်သားငါးဖမ်းလှေများကို စစ်ကော်မရှင်တပ်က ပစ်ခတ်ခဲ့သဖြင့် ပြည်သူအချို့ ဒဏ်ရာရရှိခဲ့သည်။