AB News – ဇွန် ၁၀၊ ၂၀၂၆
အမေရိကန်နိုင်ငံ၊ နယူးယောက်ပြည်နယ်၊ ကွင်းစ် (Queens) ခရိုင်၊ ဂျမေကာ (Jamaica) ရပ်ကွက်ရှိ မတ်စ်ဂျစ် ဘီလယ် ကွင်းစ် အစ္စလာမ်မစ် စင်တာ (Masjid Bilal Queens Islamic Center) ဗလီအတွင်း ဆယ်နှစ်အရွယ် မိန်းကလေးငယ်အများအပြားအား ကိုယ်ထိလက်ရောက် မဖွယ်မရာပြုလုပ်မှုနှင့် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ကျူးလွန်မှုများ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲချက်များဖြင့် ဘာသာရေးခေါင်းဆောင်တစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း အာဏာပိုင်များနှင့် သတင်းဌာနများတွင် ဖော်ပြထားသည်ကို တွေ့ရှိရသည်။
နယူးယောက်ရဲတပ်ဖွဲ့ (NYPD) ၏ အဆိုအရ ပြစ်မှုကျူးလွန်သူ အသက် ၅၅ နှစ်အရွယ်ရှိ တာဂျူလ် အစ္စလာမ် (Tajul Islam) ကို ပြီးခဲ့သည့် ဧပြီလအတွင်း တစ်ပတ်ခန့်အကြာ ဖြစ်ပွားခဲ့သော စိတ်အနှောင့်အယှက်ဖြစ်ဖွယ်ရာ ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာစော်ကားမှု၊ အဓမ္မကိုင်တွယ်မှု၊ မတရားပြုမူမှုတို့ဖြင့် ကွင်းစ် (Queens) ခရိုင်၏ ကလေးသူငယ်အလွဲသုံးစားမှုတိုက်ဖျက်ရေးအဖွဲ့က ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်နေ့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Queens News Service – QNS သတင်းဌာန၏ လက်ဝယ်ရရှိထားသည့် ရာဇဝတ်မှုဆိုင်ရာ တိုင်ကြားချက်အရ ဆိုင်ခန်းပုံစံ ဆောက်လုပ်ထားသည့် အဆိုပါ ဗလီကျောင်းအတွင်း ဘာသာရေးခေါင်းဆောင် တာဂျူလ် အစ္စလာမ်သည် အသက် ၁၀ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား ချဉ်းကပ်၍ ရင်သားကို ကိုင်တွယ်ခြင်း၊ ပေါင်အတွင်းသားကို ထိတွေ့ကိုင်တွယ်ခြင်းတို့ဖြင့် လိင်ပိုင်းဆိုင်ရာ စော်ကားမှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုထားသည်။
ယင်းကဲ့သို့ တရားစွဲဆိုချက်များ ဖြစ်ပွားပြီးနောက် အဆိုပါ ဘာသာရေးဆရာသည် ဧပြီလ ၂၇ ရက်နေ့တွင်လည်း အလားတူပြစ်မှုမျိုးကို ထပ်မံကျူးလွန်ခဲ့ပြီး အခြားအသက် ၁၀ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား ချဉ်းကပ်၍ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားခဲ့သည်ဟု ဆိုသည်။
နောက်ဆုံးဖြစ်စဉ်ဖြစ်ပွားပြီး ၄ နာရီခန့်အကြာတွင် ၎င်းအား လက်ထိပ်ခတ်ဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းအား ဧပြီလ ၂၈ ရက်နေ့တွင် တရားရုံးတင်စစ်ဆေးခဲ့သော်လည်း စွဲချက်များအပေါ် ပြစ်မှုမကျူးလွန်ခဲ့ကြောင်း ငြင်းဆိုခဲ့သည်။
တရားသူကြီး ရှာရီဖာ နာဆာ-ကူအယ်လာ (Sharifa Nasser-Cuellar) အနေဖြင့် ၎င်းအား ဒေါ်လာ ၂၅,၀၀၀ ဖြင့် အာမခံချုပ်ရက်ရမန်ပေးခဲ့ပြီး နစ်နာသူ ကလေးငယ်များအတွက် ယာယီအကာအကွယ်ပေးရေးအမိန့် ထုတ်ပြန်ခဲ့သည်။
နယူးယောက်ရဲတပ်ဖွဲ့ (NYPD) သည် အခြားနစ်နာခဲ့ရသူများ သို့မဟုတ် အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်၍ သိရှိနားလည်ထားသူများရှိပါက NYPD ၏ လိင်ပိုင်းဆိုင်ရာရာဇဝတ်မှုများဆိုင်ရာ တိုင်ကြားရေးဖုန်း ၁-၂၁၂-၂၆၇-၇၂၇၃ သို့မဟုတ် ၁-၆၄၆-၆၁၀-၇၂၇၂ သို့ သတင်းပေးပို့နိုင်ကြောင်း ဆိုထားသည်။
ယင်းအပြင် ပြစ်မှုသတင်းပေးပို့ရေးဖုန်းလိုင်း ဖြစ်သည့် ၁-၈၀၀-၅၇၇-TIPS (၈၄၇၇) သို့လည်းကောင်း ဖုန်းခေါ်ဆို၍ သတင်းပေးပို့ကြရန် တိုက်တွန်းတောင်းဆိုထားသည်။
Ref/Photo – NYC religious leader allegedly sexually abused 10-year-old girls inside mosque (New York Post)

