AB News-ဇွန် ၁၀၊ ၂၀၂၆
ရက္ခိုင်ပြည်အတွင်း ရမ်းဗြဲ၊ မြောက်ဦး၊ ရသေ့တောင်၊ မင်းပြားနှင့် မြေပုံမြို့နယ်တို့တွင် ယခုနှစ်အတွင်း ဆေးရုံတက်ကုသရသည့် သွေးလွန်တုတ်ကွေးလူနာ ၃၃ ဦးအထိ ရှိလာပြီး သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဥ်များကို အရှိန်မြှင့်လုပ်ဆောင်နေကြောင်း အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ယနေ့ ဇွန်လ ၁၀ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် ဧပြီလ ၂၈ ရက်နေ့တွင် ယခုနှစ်အတွက် ပထမဆုံး ဆေးရုံတက်ကုသရသည့် သွေးလွန်တုတ်ကွေးလူနာကို စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ရောဂါကူးစက်မှု တဖြည်းဖြည်း မြင့်တက်လာနေခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်လည်း အာရက္ခတပြည်လုံး အတိုင်းအတာဖြင့် သွေးလွန်တုတ်ကွေး ဖြစ်ပွားသူ ၂,၄၅၂ ဦး ရှိခဲ့ပြီး၊ ၎င်းတို့အနက် ၈ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ရောဂါအဖြစ်အများဆုံး မြို့နယ်များမှာ မြောက်ဦးမြို့နယ်နှင့် မင်းပြားမြို့နယ်ဖြစ်ပြီး အာရက္ခပြည်သူ့ကျန်းမာရေးဌာန အနေဖြင့် မိုးမကျမီ ဧပြီလ ဒုတိယပတ်မှ စ၍ အဘိတ် (Abate) ဆေးခတ်ခြင်း၊ ခြင်ဆေးဖျန်းခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် “ဖုံး၊ သွန်၊ လဲ၊ စစ်” သရုပ်ပြလုပ်ငန်းများကို မြို့နယ်၊ တိုက်နယ်အဆင့်ဆင့်တွင် ဆောင်ရွက်ခဲ့ကြောင်း ဆိုသည်။
ပြည်သူများအနေဖြင့် မိမိတို့အိမ်နှင့် ပတ်ဝန်းကျင်တွင် ခြင်မပေါက်ပွားစေရေး သတိပြုရန် တိုက်တွန်းထားပြီး ကလေးသူငယ်များနှင့် ဖျားနာသူများတွင် အန္တရာယ်ရှိ လက္ခဏာများဖြစ်သည့် နှာခေါင်းနှင့် သွားဖုံးများမှ သွေးယိုခြင်း အစားအသောက်မဝင်ဘဲ ဆက်တိုက်အန်ခြင်း (သို့မဟုတ်) အညိုအမဲဖတ်များ အန်ခြင်း၊ ဝမ်းအမည်းရောင် သွားခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊
အဖျားကျသွားသော်လည်း ခြေဖျားလက်ဖျားများ အေးစက်နေခြင်း တွေ့ရှိပါက အချိန်မီ ဆေးရုံတက်ရောက်၍ ကုသရန် ကျန်းမာရေးဌာနက တိုက်တွန်းနှိုးဆော်ထားသည်။
ဓာတ်ပုံ – Arakkha Health Department



