AB News – ဇွန် ၉၊ ၂၀၂၆
စစ်ကော်မရှင်ထိန်းချုပ်ရာ စစ်တွေမြို့တွင် AA အဖွဲ့ဝင် ၅ ဦးနှင့် ကျောင်းသားလက်ရုံးတပ်တော်(SAF) အဖွဲ့ဝင် ၁ ဦး စုစုပေါင်း ၆ ဦး လက်နက်မဲ့ အလင်းဝင်လာကြောင်း စစ်ကော်မရှင် က ယမန်နေ့ ဇွန်လ ၈ ရက်နေ့တွင် ဝါဒဖြန့်ထုတ်ပြန်ခဲ့သည်ကို တွေ့ရှိရသည်။
အဆိုပါအခမ်းအနားသို့ စစ်ကော်မရှင်လက်အောက်ခံ ရက္ခိုင်ပြည်ဝန်ကြီးချုပ် ဦးနိုင်ဦး၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (အပတ) တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ဇော၊ တပ်နယ်အရာရှိများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အလင်းဝင်ရောက်လာသူများကို လူမှုရေးအရ ပြန်လည်ထူထောင်ပေးရန်အတွက် မိသားစုထံ တရားဝင်လွှဲပြောင်းပေးခဲ့ကြောင်း ဆိုထားသည်။
စစ်ကော်မရှင်၏ ထုတ်ပြန်ချက်အရ အလင်းဝင်ရောက်လာသူများမှာ မင်းပြားမြို့နယ်မှ ၁ ဦး၊ ပေါက်တောမြို့နယ်မှ ၁ ဦး၊ ပုဏ္ဏားကျွန်းမြို့နယ်မှ ၂ ဦး၊ အမ်းမြို့နယ်မှ ၁ ဦး စုစုပေါင်း AA တပ်ဖွဲ့ဝင် ၅ ဦးနှင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှ ကျောင်းသားလက်ရုံးတပ်တော် (SAF) အဖွဲ့ဝင် ၁ ဦး တို့ဖြစ်ကြောင်း ဖော်ပြသည်။
သို့သော်လည်း အလင်းဝင်ရောက်လာသူများ၏ ကိုယ်ပိုင် နံပါတ်၊ တပ်ရင်း၊ စစ်ဒေသအမည်၊ ယူနီဖောင်း စသည်တို့ကို တစ်စုံတစ်ရာ ထည့်သွင်းဖော်ပြထားသည်ကို မတွေ့ရှိရပေ။
အလားတူ အခမ်းအနားတွင် ဝန်ကြီးချုပ် ဦးနိုင်ဦးမှ လက်နက်ကိုင်လမ်းစဥ်အောက်လိုက်ပါမိခဲ့ရာမှ အမြင်မှန်ရလာသူများကို ကြိုဆိုခြင်းဖြစ်ကြောင်းနှင့် ကျန်ရှိနေသေးသော လမ်းမှားရောက်လူငယ်များကို နီးစပ်ရာ ရဲစခန်း၊ ဌာနစခန်းများသို ဆက်သွယ်ရန်နှင့် ကောင်းမွန်စွာစောင့်ရှောက်ပေးသွားမည်ဖြစ်ကြောင်း ဝါဒဖြန့်ပြောကြားခဲ့သည်။
ရက္ခိုင်စစ်မျက်နှာတွင် စစ်ရေးအရ အရေးနိမ့်နေသော စစ်ကော်မရှင်သည် ယခင်ထက် ဝါဒဖြန့်ချီရေးလုပ်ငန်းများကို လုပ်ဆောင်နေပြီး ၎င်းတို့၏ တပ်ပိုင်မီဒီယာများအပြင် ယခုအခါ အခြားသောဆိုရှယ်ပလတ်ဖောင်းများကိုပါ တွင်တွင်ကျယ်ကျယ်အသုံးပြုလာသည်ကို တွေ့ရှိရသည်။



