AB News – ဇူလိုင် ၁၀၊ ၂၀၂၆
ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအား ULA/AA က အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
လက်ရှိတွင် ကျောက်တော်မြို့နယ်ရှိ သရက်တပင်၊ ကျောက်တလုံး၊ ရွှေတလှေ၊ ညောင်ချောင်း၊ ကျောက်ကျပ်နှင့် စပါးဆိပ်ကျေးရွာများ၌ ရေမြင့်တက်မှုကြောင့် ပြည်သူများ အခက်အခဲများ ကြုံတွေ့နေရပြီး ULA/AA က ရေဘေးသင့်ပြည်သူများအား ဘေးလွတ်ရာနေရာများသို့ ရွှေ့ပြောင်းပို့ဆောင်ပေးခြင်း၊ စားနပ်ရိက္ခာနှင့် အရေးပေါ်လိုအပ်သည့် အထောက်အပံ့များ ပေးအပ်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်ပေးနေကြောင်း သိရသည်။
ဒေသခံများ၏ ပြောကြားချက်အရ ရေကြီးရေလျှံမှုကြောင့် ကျေးရွာအချို့တွင် သွားလာရေးအခက်အခဲများ ဖြစ်ပေါ်နေသဖြင့် ကယ်ဆယ်ရေးအဖွဲ့များက လှေများအသုံးပြု၍ ရေဘေးသင့်ပြည်သူများကို ဘေးလွတ်ရာသို့ ပို့ဆောင်ပေးကာ လိုအပ်သည့် အကူအညီများကို ဆက်လက်ပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။
ရက္ခိုင်ပြည်မြောက်ပိုင်းတွင် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် မြစ်ရေမြင့်တက်ကာ ကျေးရွာအများအပြား ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည်။
ထို့ကြောင့် ULA/AA က ရေနစ်မြုပ်နေသော ကျေးရွာများသို့ ကွင်းဆင်း၍ ရေဘေးသင့်ပြည်သူများအား အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရက္ခိုင်ပြည်မြောက်ပိုင်းတွင် မိုးဆက်လက်ရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားသဖြင့် မြစ်ချောင်းများအနီးနှင့် မြေနိမ့်ပိုင်းဒေသများတွင် နေထိုင်ကြသည့် ပြည်သူများအနေဖြင့် ရေကြီးရေလျှံမှုအန္တရာယ်ကို အထူးသတိပြုကြရန်နှင့် သက်ဆိုင်ရာ ကူညီကယ်ဆယ်ရေးအဖွဲ့များ၏ အသိပေးညွှန်ကြားချက်များကို လိုက်နာကြရန် လိုအပ်သည်။









