
AB News – ဇွန် ၂၇၊ ၂၀၂၆
ဂွမြို့နယ်၊ ကျိန္တလီမြို့နှင့် ရေကျော်ရွာ ဗုံးကြဲမှုဖြစ်စဥ်အတွင်း ဒဏ်ရာရရှိသူ ၆ ဦးရှိခဲ့ရာ ယင်းအထဲမှ သက်ကြီးပိုင်းအမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။
သေဆုံးခဲ့သူမှာ ရေကျော်ကျေးရွာမှ ဦးဝေရာမင်း ၄၅ နှစ် ဖြစ်ပြီး ဒဏ်ရာပြင်းထန်၍ ဆေးကုသမှုခံယူနေစဉ် ဇွန်လ ၂၆ရက်၊ ညနေပိုင်းအချိန်တွင် သေဆုံးခဲ့ရကြောင်း သိရှိရသည်။
ယမန်နေ့ ဇွန်လ ၂၆ ရက်၊ ညနေပိုင်း ၃နာရီခန့်အချိန်တွင် အကြမ်းဖက်စစ်တပ်၏ ဂျက်ဖိုက်တာတစ်စီးသည် ရေကျော်ရွာ၊ ဘုန်းကြီးကျောင်းကို ပေါင် ၅၀၀ ဗုံး ၁ လုံး၊ စာသင်ကျောင်းကို ပေါင် ၃၀၀ ဗုံး ၁လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ညနေ ၃နာရီ၊ ၁၀မိနစ် ခန့်အချိန်တွင်လည်း ကျန္တလီမြို့ ၊ အမှတ် ၂ ရပ်ကွက်ကို ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး၂ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ဦးဝေရာမင်းအပါအဝင် ဒေသခံပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ပြီး အခြားဒဏ်ရာရရှိသူ ၅ ဦးထဲတွင် ဒဏ်ရာ ပြင်းထန်သူများရှိနေပြီး အရေးပေါ်ဆေးကုသမှု ခံယူလျက်ရှိနေကြောင်းသိရသည်။
ဓာတ်ပုံ – APM