
AB News – ဇွန် ၂၇ ၊ ၂၀၂၆
ရက္ခိုင်ပြည်၊ မောင်တောမြို့တွင် စကမ ထောင်ထားခဲ့သည့် စစ်ကျန် မြေမြှုပ်မိုင်းတစ်လုံးကို နင်းမိမှုကြောင့် အသက် (၅၀) အရွယ် အမျိုးသားတစ်ဦး ညာဘက်ခြေထောက် ပြတ်ထွက်သွားပြီး ခန္ဓာကိုယ်အနှံ့ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ဒဏ်ရာရရှိသူမှာ မောင်တောမြို့ (၃) မိုင်ရပ်ကွက်တွင် နေထိုင်သူ ဦးအောင်နိုင်ဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့ ဇွန် ၂၇ ရက် ၊နံနက် ၁၀ နာရီခန့်က မောင်တောမြို့ (၄) မိုင်ရပ်ကွက်ရှိ ဆင်နှစ်ကောင်ဘုန်းကြီးကျောင်း နောက်ဘက် တောင်ကြားတွင် ဒညင်းသီး သွားရောက်ဆွတ်ခူးနေစဉ် စစ်ကောင်မရှင် ထောင်ထားခဲ့သည့် စစ်ကျန်မြေမြှုပ်မိုင်း တစ်လုံးကို နင်းမိခဲ့ရာမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
“ဒီနေ့မနက် ၁၀ နာရီလောက်မှာ ဦးအောင်နိုင်က ဒညင်းသီးသွားခူးရင်း မိုင်းနင်းမိခဲ့တာပါ။ ပေါက်ကွဲမှုကြောင့် ညာဘက်ခြေထောက်က ခြေချင်းဝတ်နားအထိ ပြတ်ထွက်သွားပြီး ခန္ဓာကိုယ်အနှံ့လည်း ဒဏ်ရာရခဲ့တယ်” ဟု မောင်တောမြို့ခံတစ်ဦးက AB News သို့ ပြောသည်။
ဒေသခံများ၏ ပြောကြားချက်အရ အဆိုပါမိုင်းမှာ M-14 အမျိုးအစား မြေမြှုပ်နင်းမိုင်းဖြစ်နိုင်ကြောင်း သိရသည်။
လက်ရှိတွင် ဦးအောင်နိုင်ကို နီးစပ်ရာ ဆေးခန်းသို့ ပို့ဆောင်ကာ အရေးပေါ် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။
မောင်တောမြို့နယ်တွင် စစ်ကျန်မြေမြှုပ်မိုင်းများကြောင့် အရပ်သားထိခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပြီး၊ ဧပြီလ ၂၇ ရက်ကလည်း (၄) မိုင်ကျေးရွာမှ အသက် (၁၁) နှစ်အရွယ် ကလေးငယ်တစ်ဦး မြေမြှုပ်မိုင်းနင်းမိကာ ခြေထောက်ပြတ်ဒဏ်ရာ ရရှိခဲ့သည်။
လက်ရှိတွင် ဒေသအုပ်ချုပ်ရေးကို ဆောင်ရွက်နေသည့် အာရက္ခတပ်တော် (AA) သည် မောင်တောမြို့နယ်အပါအဝင် တိုက်ပွဲဖြစ်ပွားခဲ့သည့် ဒေသများတွင် စကမ ထောင်ထားခဲ့သည့် စစ်ကျန် မြေမြှုပ်မိုင်းများနှင့် ပေါက်ကွဲစေတတ်သော စစ်လက်ကျန်ပစ္စည်းများကို ရှင်းလင်းဖယ်ရှားရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော်လည်း ရှင်းလင်းရန်ကျန်ရှိသည့် နေရာများတွင် မိုင်းအန္တရာယ် ဆက်လက်ရှိနေသဖြင့် ဒေသခံများအနေဖြင့် သတိထားသွားလာကြရန် လိုအပ်သည်။
Photo – AB News