
AB News – အောက်တိုဘာ ၂၊ ၂၀၂၆
ရက္ခိုင်ပြည်၊ ကျောက်တော်မြို့တွင် စက်တင်ဘာ ၂၅ ရက်နေ့က စစ်ကော်မရှင်၏ Y-12 လေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် ဒဏ်ရာရရှိခဲ့သူ ၈ ဦးအနက် အမျိုးသမီးတစ်ဦးသည် ဆေကုသမှုခံယူနေစဉ်အတွင်း စက်တင်ဘာ ၃၀ ရက်နေ့တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
သေဆုံးသူအမျိုးသမီးမှာ ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်၊ ၉ လမ်းတွင် နေထိုင်သည့် အသက် ၅၄ နှစ်အရွယ် ဒေါ်ရွှေရီ ဖြစ်ပြီး ဗုံးကြဲခံရမှုအတွင်း ခါးဘေးတွင်ပြင်းထန်ဒဏ်ရာရရှိကာ ဆေးကုသမှုခံယူနေရင်း သေဆုံးခဲ့ခြင်းဖြစ်သည်။
အဆိုပါဖြစ်စဉ်တွင် ဒေါ်ရွှေရီ၏ ခင်ပွန်းဖြစ်သူ အသက် ၅၅ နှစ်အရွယ် ဦးသန်းစိန်လည်း ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး လက်ရှိတွင် ဆေးကုသမှုခံယူနေရဆဲဖြစ်ကြောင်း သိရသည်။
စစ်ကော်မရှင်သည် Y-12 လေယာဉ်အသုံးပြုပြီး စက်တင်ဘာ ၂၅ ရက် နံနက် ၂ နာရီကျော်အချိန်ခန့်တွင် ကျောက်တော်မြို့ရှိ ပြည်တော်သာရပ်ကွက်၊ ပီစိပိုက်သည်ရွာနှင့် နိဒင်ရွာတို့ကို ဗုံးအလုံးရေ ၃၀ ထက်မနည်းကိုကြဲချခဲ့ပြီး အသက် ၁ နှစ်အရွယ် မူဆလင်ကလေးငယ်တစ်ဦး အပါအဝင်ဒဏ်ရာရရှိသူ ၈ ဦး ရှိခဲ့သည်။
စစ်ကော်မရှင်သည် ကျောက်တော်မြို့ကို ၇ ရက်အတွင်း ဗုံးကြဲတိုက်ခိုက်မှု ၃ ကြိမ်ပြုလုပ်ခဲ့ပြီး စက်တင်ဘာ ၂၈ ရက်နေ့က တိုက်ခိုက်မှုတွင် အရပ်သားပြည်သူ ၅၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူဦးရေမှာလည်း ၅၇ ဦးထက်မနည်း ရှိခဲ့သည်။