AB News – အောက်တိုဘာ ၂၊ ၂၀၂၆
ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဖြူပြင်ကျေးရွာကို ညဥ့်သန်းခေါင်ယံအချိန်တွင် စစ်ကော်မရှင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယနေ့ အောက်တိုဘာလ (၂) ရက်နေ့ ညဥ့်သန်းခေါင်ယံ (၁၂) နာရီ (၅၁) မိနစ်ခန့်အချိန်တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဖြူပြင်ကျေးရွာရှိ ဝပ်ရှော့ဆိုင်အနီးသို့ စစ်ကော်မရှင် လေတပ်မှ ဂျက်ဖိုက်တာ (၁) စီးဖြင့် ပေါင် (၅၀၀) ဗုံး (၁) လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ဝပ်ရှော့ဆိုင်ပိုင်ရှင်၏ အမျိုးသမီးနှင့် လူငယ် (၂) ဦးအပါအဝင် စုစုပေါင်း အရပ်သား (၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း မျိုးချစ်လူငယ်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ကိုမျိုးချစ်မှ Arakan Bay News သို့ ပြောသည်။
ဒဏ်ရာရရှိသူများမှာ ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဖြူပြင်ကျေးရွာတွင် စစ်ဘေးတိမ်းရှောင်နေကြသည့် အသက် (၃၀) အရွယ် ဒေါ်ခင်ဝေစိုး၊ အသက် (၁၈) နှစ်အရွယ် မောင်ကျော်မိုးလွင်နှင့် အသက် (၁၈) နှစ်အရွယ် မောင်အောင်မင်း တို့ဖြစ်ပြီး လက်ရှိမှာ ဆေးကုသမှုခံယူနေကြောင်း သိရသည်။
ထို့ပြင် ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်ကော်မရှင်လေတပ်မှ ဂျက်တိုက်လေယာဥ်များ ဆက်တိုက်ဝဲနေသဖြင့် ဒေသခံများမှာ လေကြောင်းအန္တရာယ်စိုးရိမ်နေကြကြောင်း ကိုမျိုးချစ်က ဆိုသည်။
” ဗုံးကြဲတဲ့အချိန် ကျနော်တို့သွားခဲ့ကတည်းက လေယာဥ်တွေက တောက်လျောက်ဝဲနေတာ၊ လေယာဥ်တွေ ဆက်တိုက်ဝဲနေလို့ ဒေသခံတွေစိုးရိမ်နေကြပါတယ်။ ခုမနက်ထိလည်း တစ်စီးပြီးတစ်စီးဝဲနေတုန်းပါပဲ” ဟု ကိုမျိုးချစ်က ပြောသည်။
ယမန်နေ့ အောက်တိုဘာလ (၁) ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာရှိ စစ်ဘေးရှောင်များနေထိုင်နေကြသည့် အိုးအိမ်အဆောက်အအုံကို စစ်ကော်မရှင်လေတပ်မှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် (၄) နှစ်အရွယ် ကလေးငယ် (၁) ဦးနှင့် အမျိုးသမီး (၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
အလားတူ ကျောက်တော်၊ ရသေ့တောင်၊ သံတွဲ၊ ဝီရဌာနီနှင့် ကျောက်ဖြူမြို့နယ်တို့ကိုလည်း အဆိုပါတနေ့တည်းတွင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ယင်းအပြင် စက်တင်ဘာလ (၃၀) ရက်နေ့ကလည်း ရသေ့တောင်နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့ကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သဖြင့် အရပ်သား ထိခိုက်သေဆုံးမှုများရှိခဲ့သည်။
ပြီးခဲ့သည့် စက်တင်ဘာလ (၂၈) ရက်နေ့က ကျောက်တော်မြို့ အိန္ဒိယစျေးနှင့် ကစ္ဆပနဒီတံတားအနီးကို စစ်ကော်မရှင်လေတပ်မှ ဗုံးကြဲတိုက်ခိုက်သဖြင့် အရပ်သားပြည်သူ (၅၀) ဦး အထိ အစုလိုက်အပြုံလိုက်သေဆုံးခဲ့ရပြီး (၅၈) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
အဆိုပါဖြစ်စဥ်သည် ၂၀၂၄ – ၂၀၂၆ ခုနှစ်အတွင်း ရက္ခိုင်ပြည်အတွင်း အရပ်သားသေဆုံးမှုအများဆုံး ဗုံးကြဲခံရမှုဖြစ်စဥ်တစ်ခု ဖြစ်ခဲ့သည်။
ပုံ – ရခိုင်မျိုးချစ်လူငယ်ဖောင်ဒေးရှင်း
