
AB News – အောက်တိုဘာ ၁၊ ၂၀၂၆
စစ်ကော်မရှင်သည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျောက်တော်မြို့ ”အိန္ဒိယဈေး” လေကြောင်းမှ ဗုံးကြဲခံရမှု အပါအဝင် နိုင်ငံတစ်ဝန်း အရပ်သားပြည်သူ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသည့် ဖြစ်စဉ် ၁၁၅ ကြိမ်ထက်မနည်း ရှိလာကြောင်း ISP-Myanmar ၏ ထုတ်ပြန်ချက်အရ သိရသည်။
ISP-Myanmar ၏ စက်တင်ဘာ ၃၀ ရက်စွဲပါ အချက်အလက်များအရ အရပ်သား ၁၀ ဦးနှင့်အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသည့် ဖြစ်စဉ်များအတွင်း စုစုပေါင်း အရပ်သား သေဆုံးသူ ဦးရေ ၂,၃၂၄ ဦးအထိ ရှိလာပြီး သေဆုံးသူများ၏ ၆၅ ရာခိုင်နှုန်းမှာ စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့ရခြင်း ဖြစ်သည်။
ဗိုလ်ချုပ် ရဲဝင်းဦး ကာကွယ်ရေးဦးစီးချုပ် စတင်ဖြစ်လာသည့် ၆ လတာ ကာလအတွင်း၌လည်း နိုင်ငံတစ်ဝန်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ၇ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး အရပ်သား သေဆုံးသူ ၁၇၃ ဦးထက်မနည်း ရှိခဲ့ရာ ယင်းအနက် ၆၄ ဦးထက်မနည်းမှာ ရက္ခိုင်ပြည်အတွင်းမှ သေဆုံးခဲ့ရသူများ ဖြစ်ကြသည်။
ကာကွယ်ရေးဦးစီးချုပ်သစ် အပြောင်းအလဲဖြစ်ပြီးနောက် စစ်ကော်မရှင်တပ်သည် ရက္ခိုင်၊ ကချင်နှင့် ကရင် စစ်မျက်နှာများတွင် စစ်အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်လျက်ရှိပြီး ဂျက်တိုက်လေယာဉ်များ၊ Y-12 ကုန်တင်လေယာဉ်များနှင့် ဒရုန်းများကို အသုံးပြု၍ စစ်ပွဲနှင့် မသက်ဆိုင်သည့် အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်လျက်ရှိသည်။
အရပ်သား ပြည်သူများ၏ လူနေအိမ်များအပြင် သမိုင်းဝင် ဘုရားစေတီများ၊ သာသနိက အဆောက်အအုံများ၊ ပြည်သူ့ဆေးရုံများနှင့် စာသင်ကျောင်းများပါ ပစ်မှတ်ထား တိုက်ခိုက်ခံနေရသဖြင့် စစ်ရေးတင်းမာနေသည့် ဒေသများနှင့် တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် နယ်မြေများရှိ အရပ်သားပြည်သူများမှာ အသက်အန္တရာယ် ထိခိုက်သေဆုံးနိုင်ခြေ အလွန် မြင့်မားနေကြောင်း ISP-Myanmar က သတိပေးထားသည်။