သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်တွင် စစ်ရေးပစ်မှတ်မဟုတ်သည့်နေရာများကို စစ်တပ်က ဆက်တိုက်ဗုံးကြဲမှုကြောင့် အရပ်သားများထိခိုက်သေဆုံးလျက်ရှိနေဟု AA ထုတ်ပြန်

AB News – အောက်တိုဘာ ၂၊ ၂၀၂၆

ရက္ခိုင်ပြည်အတွင်း မြေပြင်တိုက်ပွဲများ၌ စစ်ရေးအရ ရှုံးနိမ့်နေသည့် စစ်ကော်မရှင်တပ်သည် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားပြည်သူများနေထိုင်ရာ မြို့ရွာများ၊ စစ်ရှောင်စခန်းများနှင့် သာသနိကအဆောက်အအုံများကို နေ့စဉ်ရက်ဆက် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိပြီး စစ်ရာဇဝတ်မှုများကို ဆက်တိုက်ကျူးလွန်လျက်ရှိကြောင်း အာရက္ခတပ်တော်(AA) ၏ ယနေ့ ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၈ ရက်‌နေ့က ကျောက်တော်မြို့ အိန္ဒိယဈေးနှင့် ကစ္ဆပနဒီတံတားအနီးကို ဂျက်တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချခဲ့ရာ မူဆလင်များအပါအဝင် အရပ်သား ၅၀ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၅၇ ဦးထက်မနည်း ရှိခဲ့သည်။ ထိုအထဲမှ ၂၁ ဦးမှာ ပြင်းထန်ဒဏ်ရာများရရှိသည့်အတွက် ဆေးကုသမှုခံယူနေရဆဲ ဖြစ်သည်။

ထို့နောက် စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၂ ရက်အထိ သုံးရက်အတွင်း ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ဝီရဌာ​နေ(ပေါက်တော)၊ ကျောက်တော်နှင့် သံတွဲမြို့နယ်များရှိ စစ်ရေးပစ်မှတ်မဟုတ်သည့် နေရာများကို လေကြောင်းမှ တိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်‌ခဲ့ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စက်တင်ဘာ ၃၀ ရက် ညပိုင်းတွင်လည်း ပုဏ္ဏားကျွန်းမြို့နှင့် ကျောက်ဆိပ်ကျေးရွာကြားရှိ စစ်ဘေးရှောင်များနေထိုင်ရာကို ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် နှစ်ကြိမ် ဗုံးကြဲခဲ့ရာ အသက် ၄ နှစ်အရွယ်ကလေးအပါအဝင် ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အချို့လည်း ပျက်စီးခဲ့သည်။

အလားတူ ထိုနေ့တစ်နေ့ထဲတွင် ရသေ့တောင်မြို့နယ် ကူတောင်ကျေးရွာအနီးကို လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ခဲ့ရာ လင်ယောက်ျားဖြစ်သူ ဦးမောင်ထွန်းသိန်း (၅၂ နှစ်) မှာသေဆုံးခဲ့ပြီး ဇနီးဖြစ်သူ ဒေါ်ဝင်းနု (၄၅ နှစ်) မှာလည်း ​ပြင်းထန် ဒဏ်ရာရရှိခဲ့သည်။

ထို့ပြင် ဝီရဌာနေ​​မြို့​ပေါ်ရပ်ကွက်အပါအဝင် ဒါးကိုင်နှင့် ကြိမ်ခွေမော်ရွာတောင်ကြားလမ်းတို့ကို Y-12 လေယာဉ်ဖြင့် ဗုံးအလုံးရေ ၃၀ ခန့် ကြဲချခဲ့ရာ အမျိုးသမီး ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့လည်း ပျက်စီးခဲ့ရသည်။

ယမန်နေ့ အောက်တိုဘာ ၁ ရက်‌နေ့ နေ့လယ် ၁၂ နာရီ ၃၅ မိနစ်အချိန်ခန့်တွင် ကျောက်တော် သစ်တစ်ပုံဆည်နှင့် သကြားစက်ကျေးရွာအနီးကို ဂျက်တိုက်လေယာဉ် ၇ စီးနှင့် Y-12 လေယာဉ်တို့ဖြင့် ဗုံးအလုံးရေ ၄၀ ထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ရာ သကြားစက်ကျေးရွာ ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဒဏ်ရာရရှိခဲ့သည့်အပြင် ကျောင်းဆောင်တစ်ခုလုံး ပျက်စီးခဲ့သည်။

ထို့အပြင် ယမန်နေ့ နေ့လယ် ၁ နာရီ ၅၂ မိနစ်အချိန်ခန့်တွင်လည်း သံတွဲမြို့၊ အမှတ် (၆) ရပ်ကွက် ဗောဓိကုန်းဈေးအနီးကို ဗုံးကြဲခဲ့ရာ ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တစ်လုံး ပျက်စီးခဲ့သည်။

ယနေ့ အောက်တိုဘာ ၂ ရက် ညဉ့်သန်းခေါင်ယံ ၁၂ နာရီ ၅၀ မိနစ် အချိန်ခန့်တွင် ပုဏ္ဏားကျွန်းမြို့နယ် အောင်ဖြူပြင်ကျေးရွာရှိ ကိုပိန်ကားဝပ်ရှော့ကို ဗုံးကြဲခဲ့ရာ ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး ကားများနှင့် နေအိမ် ၂ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ