AB News-ဩဂုတ် ၂၊ ၂၀၂၆
ရက္ခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်းရှိ အရပ်သားများနေထိုင်ရာ ကျေးရွာများကို စစ်ကောင်စီက လေကြောင်းဖြင့် ဆက်တိုက်တိုက်ခိုက်နေပြီး နောက်ဆုံးဖြစ်စဉ်တွင် ရွှေလှေကျေးရွာ၌ မိသားစု ၃ ဦး အပါအဝင် အရပ်သား ၄ ဦးသေဆုံးခဲ့သည်။
ယမန်နေ့ ဇူလိုင် ၃၁ ရက် ညနေ ၃ နာရီခန့်က သံတွဲမြို့နယ် ရွှေလှေကျေးရွာကို စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ် ၂ စီးက ဗုံး ၃ လုံး ဆက်တိုက်ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဗုံးများမှာ ကျေးရွာအတွင်းရှိ ဦးမျိုးဇော်ဝင်းပိုင် ဈေးဆိုင်အနီးသို့ ကျရောက်ပေါက်ကွဲခဲ့ရာ ဆိုင်ပိုင်ရှင် ဦးမျိုးဇော်ဝင်း၊ ၎င်း၏ဇနီး ဒေါ်မေမြတ်လွင်နှင့် အရောင်းဝန်ထမ်း မဆွေဇင်အေးတို့သည် နေရာတွင်ပင် သေဆုံးခဲ့ကြသည်။
ထို့ပြင် ဦးမျိုးဇော်ဝင်း၏ အသက် ၁ နှစ်နှင့် ၄ လအရွယ်သား မောင်ဉာဏ်လင်းအောင်မှာလည်း ဗုံးစထိမှန်ဒဏ်ရာများဖြင့် ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းခရီးတွင် သေဆုံးခဲ့သဖြင့် မိသားစုဝင် ၃ ဦးနှင့် ဆိုင်ဝန်ထမ်း ၁ ဦး စုစုပေါင်း ၄ ဦး အသက်ဆုံးရှုံးခဲ့ရသည်။
တိုက်ခိုက်မှုကြောင့် ဈေးဆိုင်အနီးရှိ အရပ်သား ၂ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်များ၊ ဈေးဆိုင်များ၊ မော်တော်ကားနှင့် ဆိုင်ကယ်အချို့လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ယင်းမတိုင်မီ ဇူလိုင် ၂၇ ရက် ည ၁၀ နာရီခွဲခန့်တွင်လည်း သံတွဲမြို့နယ် လင်းမူတောင်ကျေးရွာအနီးရှိ ယခင်ကျောက်ခွဲစက်ရုံဟောင်းနေရာကို စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ်တစ်စီးက ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
လတ်တလောကာလအတွင်း သံတွဲမြို့နယ်ရှိ အရပ်သားနေထိုင်ရာ ကျေးရွာများအပေါ် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေပြီး အရပ်သားသေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှုများနှင့် အရပ်သားပိုင် အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုများ ဆက်လက်ဖြစ်ပေါ်နေကြောင်း သိရသည်။
Photo – AA Info Desk







