(၄ ရက်အတွင်း ပြည်သူ ၆ ဦး သေဆုံးပြီး ပြည်သူ အများအပြား ဒဏ်ရာရရှိ)
AB News – စက်တင်ဘာ ၁၄၊ ၂၀၂၆
ရက္ခိုင်ပြည်အတွင်းရှိ စစ်ရေးနှင့် လုံးဝ သက်ဆိုင်ခြင်း မရှိသည့် အရပ်သား ပြည်သူများ နေထိုင်ရာ ကျေးရွာများ၊ စစ်ဘေးရှောင် စခန်းများနှင့် သမိုင်းဝင် ဘာသာရေး အဆောက်အအုံများကို စစ်ကော်မရှင်တပ်က ဂျက်တိုက်လေယာဉ်များနှင့် ဒရုန်းများ အသုံးပြု၍ နေ့စဉ်နှင့်အမျှ ပစ်မှတ်ထား ဗုံးကြဲ တိုက်ခိုက်လျက်ရှိကြောင်း အာရက္ခတပ်တော် (AA) ၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် စက်တင်ဘာ ၁၀ ရက်မှ ၁၃ ရက်အထိ ၄ ရက်တာ ကာလအတွင်း အပြစ်မဲ့ အရပ်သား ပြည်သူ ၆ ဦး သေဆုံးခဲ့ရပြီး အများအပြား ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည်။
စက်တင်ဘာ ၁၃ ရက် နေ့လယ် ၁၂ နာရီ ၅၆ မိနစ်ခန့်တွင် ပုဏ္ဏားကျွန်းမြို့၊ သမိုင်းဝင် ဦးရာဇ်တော် ဘုရားတောင်ခြေ၊ ကြိုးတံတား အနီးဝန်းကျင်ကို စစ်ကော်မရှင်တပ်က ဂျက်တိုက်လေယာဉ်ဖြင့် ၃ ကြိမ်တိုင် ဗုံးကြဲခဲ့သည့်အပြင် စက်သေနတ်ဖြင့်ပါ ရမ်းသန်း ပစ်ခတ် တိုက်ခိုက်ခဲ့သည်။
ထို့ကြောင့် စေတီရင်းကျေးရွာမှ ဒေါ်စိုးစိုး (၃၈ နှစ်) မျက်နှာတွင် ဗုံးစထိမှန် သေဆုံးခဲ့ပြီး ရသေ့တောင်မြို့မှ ရောက်ရှိနေသည့် ဦးမိုးမိုး (၅၆ နှစ်) မှာ ပြင်းထန် ဒဏ်ရာဖြင့် သေဆုံးခဲ့ရသည်။ ထို့ပြင် မဖြူဖွေး (၉ နှစ်) ၊ ဒေါ်ကျော့စိန် (၇၁ နှစ်)နှင့် ဦးအောင်ဝင်းမောင် (၄၃ နှစ်) လည်း ဒဏ်ရာ ရရှိခဲ့သည်။
ထို့ပြင် စက်တင်ဘာ ၁၂ ရက်ကလည်း ဆမီးမြို့နယ်၊ ဘွေလီကျေးရွာ အနီးဝန်းကျင်ကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့သဖြင့် အရပ်သားများ၏ နေအိမ်၊ စျေးဆိုင်များ၊ မော်တော်ယာဉ် ၁ စီးနှင့် မွေးမြူရေး ကြက် ၆ ကောင် သေဆုံး ပျက်စီးခဲ့ရသည်။
စက်တင်ဘာ ၁၁ ရက် ညသန်းခေါင် ၁၂ နာရီ ၃၆ မိနစ်တွင်လည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာ ဘုန်းကြီးကျောင်းကို ဆူဆိုက်ဒရုန်းဖြင့် ဗုံးခွဲ တိုက်ခိုက်ခဲ့ရာ စစ်ဘေးရှောင် သားအမိ ၂ ဦး ဗုံးစထိမှန်ခဲ့ပြီး မိခင်ဖြစ်သူ ဒေါ်လှသန်းယဉ် မှာ ဆေးကုသမှု ခံယူနေစဉ် သေဆုံးသွားခဲ့သည်။ စက်တင်ဘာ ၄ ရက်ကလည်း သမိုင်းဝင် ဂူဝဘုရား လေကြောင်းမှ ဗုံးကြဲခံရ၍ ဘုရားဆင်းတုတော်များ ပျက်စီးခဲ့ရသည်။
စက်တင်ဘာ ၁၁ ရက် ညနေ ၄ နာရီခန့်တွင် တောင်ကုတ်မြို့နယ်၊ ရွာသစ်ကေကျေးရွာသို့ ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် လေကြောင်းမှ ဗုံးကြဲခဲ့ရာ ဦးတင်မောင် (၅၉ နှစ်) ဦးခေါင်း ဗုံးစထိမှန်၍ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဦးမြင့်ရွှေ (၆၇ နှစ်) ဒဏ်ရာ ရရှိခဲ့ကာ လူနေအိမ် ၂ လုံးနှင့် နွား ၁ ကောင် ပျက်စီး သေဆုံးခဲ့သည်။
စက်တင်ဘာ ၁၀ ရက် ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် ဂွမြို့နယ်၊ ကျိန္တလီမြို့၊ အမှတ် (၁) နှင့် (၂) ရပ်ကွက်သို့ ဗုံး ၂ လုံး ကြဲချခဲ့၍ အသက် ၈၅ နှစ်အရွယ် သက်ကြီးရွယ်အို ဦးကျော်ခင် ပွဲချင်းပြီး သေဆုံးကာ ဦးချစ်ဆန်းမောင် (၅၅ နှစ်) ဒဏ်ရာ ရရှိခဲ့ပြီး ပြည်သူ့နေအိမ် ၉ လုံး ပျက်စီးခဲ့သည်။
စစ်ကော်မရှင်တပ်၏ ယခုကဲ့သို့ အကြမ်းဖက် လေကြောင်း တိုက်ခိုက်မှုများကြောင့် ရက္ခိုင်ပြည်အတွင်းရှိနေထိုင်ကြသည့် အပြစ်မဲ့ပြည်သူများမှာ အသက်ဆုံးရှုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှုနှင့် နေအိမ်အဆောက်အအုံများပျက်စီးဆုံးရှုံးမှုများသည် တစ်နေ့ထက်တစ်နေ့မြင့်တက်လျှက်ရှိနေသည်။
Photo – AA Info Desk
