AB News – စက်တင်ဘာ ၁၄၊ ၂၀၂၆
ရက္ခိုင်ပြည်အတွင်း မှီခိုနေထိုင်ကြသည့် ပြည်သူများ၏ ကျန်းမာရေး ဘေးအန္တရာယ် ကင်းဝေးစေရေးနှင့် စျေးကွက်အတွင်း အရည်အသွေးမီ ပစ္စည်းများသာ ရောင်းချစေရေးတို့အတွက် အာရက္ခပြည်သူ့ကျန်းမာရေးဌာန၊ အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေးဌာနခွဲ (FDA) က မြို့နယ်အသီးသီးတွင် ပုံမှန် ကွင်းဆင်း စစ်ဆေးမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
FDA သည် မြို့နယ်အသီးသီးရှိ ဆေးဝါးအရောင်းဆိုင်များကို ရှောင်တခင် ကွင်းဆင်း၍ သက်တမ်းလွန် ဆေးဝါးများ ရောင်းချခြင်း ရှိ၊ မရှိ စစ်ဆေးခဲ့ကြသည်။
ထို့အပြင် အများပြည်သူ သုံးစွဲရန် မသင့်တော်သည့် တားမြစ် ဆေးဝါးများ တင်သွင်း ရောင်းချနေခြင်း ရှိ၊ မရှိနှင့် ဆေးဝါး သိုလှောင်ထိန်းသိမ်းမှု စနစ်များကိုပါ အသေးစိတ် ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
အလားတူပင် အလှကုန်ပစ္စည်း ရောင်းချသည့် ဆိုင်များ၌လည်း သက်တမ်းလွန် ပစ္စည်းများ ရောင်းချမှု မရှိစေရေးအတွက် ပုံမှန် ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။
အထူးသဖြင့် သုံးစွဲသူ ပြည်သူများ၏ အရေပြားနှင့် ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် တားမြစ် ဓာတုပစ္စည်းများ ပါဝင်သော အလှကုန်များကို တင်သွင်းရောင်းချခြင်း မပြုကြရန် FDA က ဆိုင်ပိုင်ရှင်များကို သတိပေး ညွှန်ကြားခဲ့သည်။
ယခုကဲ့သို့ စျေးကွက်အတွင်း ပုံမှန် ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်ရခြင်းမှာ ပြည်သူများအနေဖြင့် အရည်အသွေး ပြည့်မီသော ဆေးဝါးများနှင့် ဘေးကင်းသည့် အလှကုန်များကိုသာ ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ရေးအတွက် ရည်ရွယ်ခြင်းဖြစ်သည်။
ထို့အပြင် အရည်အသွေးမမီသည့် ဆေးဝါးများနှင့် ဘေးအန္တရာယ်ရှိသော အလှကုန်များကြောင့် ဖြစ်ပေါ်လာနိုင်သည့် ပြည်သူများ၏ ကျန်းမာရေး ထိခိုက်မှု အန္တရာယ်များကို ကြိုတင် ကာကွယ်တားဆီးနိုင်ရေးအတွက်လည်း FDA က ဆက်လက် အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်သည်။
Photo – FDA
