သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်း ဦးရာဇ်တောင် တံတားအနီး စစ်ကော်မရှင် လေကြောင်းမှ ဗုံးကြဲ၊ အရပ်သား ၂ ဦး သေဆုံးပြီး ကလေးငယ် အပါအဝင် ၃ ဦး ဒဏ်ရာရ

AB News – စက်တင်ဘာ ၁၃၊ ၂၀၂၆

ရက္ခိုင်ပြည်၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့ ဦးရာဇ်တောင် တံတားအနီးကို ယနေ့တွင် စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် အရပ်သား ၂ ဦးသေဆုံးပြီး ကလေးငယ်အပါအဝင် ၃ ဦးဒဏ်ရာရရှိသွားခဲ့သည်။

ယနေ့ (စက်တင်ဘာ ၁၃ ရက်) နေ့လယ် ၁၂ နာရီခွဲခန့်တွင် စစ်ကော်မရှင်တပ်မှ ဂျက်ဖိုက်တာ ၁ စီးဖြင့် ပုဏ္ဏားကျွန်းမြို့နယ်၊ စေတီရင်းကျေးရွာဘက်ကမ်းရှိ ဦးရာဇ်တောင် ကြိုးတံတား ချောင်းကမ်းစပ်သို့ ဗုံး ၁ လုံးနှင့် ချောင်းအတွင်းသို့ ဗုံး ၁ လုံး ကြဲချ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ပုဏ္ဏားကျွန်းမြို့နယ်မှ ဒေသခံတစ်ဦးက ” ဒီနေ့ နေ့လယ်မှာ ဦးရာဇာ်တောင် ကြိုးတံတားအနီးက ချောင်းကမ်းစပ်မှာကျတာ။ ချောင်းထဲမှာတစ်လုံးကျတယ်။ အဲဒီနားမှာ ခရီးသွားစက်လှေတွေ ကျောက်ချရပ်နားထားတာရှိတယ်။ ဒါကြောင့် စက်လှေလုပ်သားတစ်ယောက်နဲ့ နောက်တစ်ယောက်သေသွားတယ်လို့သိရတယ်။ ပြီးတေ့ာ စျေးဆိုင်ရောင်းနေသူတွေလည်း ဒဏ်ရာရသွားကြတယ်လို့သိရပါတယ်” ဟု AB News သို့ပြောဆိုသည်။

အဆိုပါ လေကြောင်း တိုက်ခိုက်မှုအတွင်း ဦးရာဇ်တောင် ကြိုးတံတားအနီးတွင် ကျောက်ချရပ်နားထားသော စက်လှေလုပ်သား ရသေ့တောင်မြို့နယ်၊ လေးကန်ကျေးရွာမှ အသက် ၅၆ နှစ်အရွယ် ဦးမိုးမိုးနှင့် စေတီရင်းကျေးရွာမှ အသက် ၃၇ နှစ်အရွယ် ဒေါ်စိုးစိုးတို့ ၂ ဦးသည် နေရာ၌ပင် သေဆုံးသွားခဲ့ရသည်။

ထို့​ပြင် ဗုံးစများ ထိမှန်၍ ဒဏ်ရာရရှိခဲ့သူ ၃ ဦးတွင် အသက် ၉ နှစ်အရွယ် ကလေးငယ် မဖြူထွေး၊ အသက် ၇၁ နှစ်အရွယ် သက်ကြီးရွယ်အို ဒေါ်ဦးကျော့စိန် (စေတီရင်းကျေးရွာ) နှင့် ရသေ့တောင်မြို့၊ အရှေ့မြောက်ရပ်ကွက်မှ ဦးအောင်ဝင်းမောင် တို့ ပါဝင်ပြီး ၎င်းတို့အားလုံးမှာ အသေးစား ဒဏ်ရာများ ရရှိထားကြသည်။

စစ်ကော်မရှင်တပ်သည် စစ်တွေ-ပုဏ္ဏားကျွန်းအစပ်ကို မြေပြင်စစ်ကြောင်းသာမက ရေတပ်ပစ်ကူ၊ လေကြောင်းပစ်ခတ်မှု၊ လက်နက်ကြီးနှင့် ဒရုန်းများကို အသုံးပြုကာ ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိနေသည်။

အဆိုပါတိုက်ခိုက်မှုဖြစ်စဥ်အတွင်း စစ်ကော်မရှင်တပ်မှ အထိနာကာ တပ်ဆုပ်သွားခဲ့ရသည့်အတွက် ၎င်းတို့၏အားသာချက်ဖြစ်သည့် လေကြောင်းတိုက်ခိုက်ရေးယာဥ်များကို အသုံးပြုကာ အပြစ်မဲ့အရပ်သားပြည်သူများ နေထိုင်ရာနေရာများ၊ စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများနှင့် လူစုလူဝေးများသည့်နေရာများကို ဗုံးကြဲတိုက်ခိုက်လျှက်ရှိနေသည်။

Photo – Arakan Bay News

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ