သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးတွင် KTV အမည်ခံ လူကုန်ကူးနေသည့် အမျိုးသမီး ၃ ဦးကို DLEPS ဖမ်းဆီး၊ အမျိုးသမီး ၁၀ ဦးအား ကယ်တင်နိုင်ခဲ့


AB News – ဇွန် ၄၊ ၂၀၂၆

ရက္ခိုင်​ပြည်၊ မြောက်ဦးမြို့ရှိ “ရွှေရိုးရာ KTV” တွင် စားဝတ်နေရေးခက်ခဲသည့် အမျိုးသမီးငယ်များအား အတင်းအဓမ္မ ပြည့်တန်ဆာအဖြစ် စေခိုင်းကာ ခေါင်းပုံဖြတ်နေသည့် အမျိုးသမီး ၃ ဦးကို ဖမ်းဆီးအရေးယူထားကြောင်း တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန (DLEPS) က ယနေ့တွင် ထုတ်ပြန်လိုက်သည်။

ပြီးခဲ့သည့် မေလ ၂၄ ရက်တွင် မြောက်ဦးမြို့၊ ထမ္မရာဇ်ရပ်ကွက်ရှိ ရွှေရိုးရာ KTV ကို DLEPS နှင့် အုပ်ချုပ်ရေးတာဝန်ရှိသူများ ပူးပေါင်းဝင်ရောက်ရှာဖွေခဲ့ကြခြင်း ဖြစ်သည်။

ထိုစဥ်တွင် ဆိုင်ပိုင်ရှင် ဒေါ်ခင်မိုးမိုးဝင်း (၅၆ နှစ်)၊ မန်နေဂျာ ဒေါ်လှလှဝင်း (ခ) မေခ (၄၅ နှစ်) နှင့် ဒု-မန်နေဂျာ ပြည့်ပြည့်ဝင်း (ခ) ထိပ်ထား (၄၁ နှစ်) တို့ကို DLEPS က လက်ရဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့အား ကာမဆိုင်ရာ ဝန်ဆောင်မှုပေးနေရသည့် အမျိုးသမီး ၁၀ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဖမ်းဆီးရမိသူ ၃ ဦးအား DLEPS စခန်း၌ အမှုအမှတ် (ပ) ၂၉/၂၀၂၆၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ – ၃၅ ဖြင့် အမှုဖွင့်ကာ တရားစွဲဆိုရန် ပြင်ဆင်နေကြောင်း သိရသည်။

အဆိုပါ ဥပဒေပုဒ်မအရ ပြစ်မှုထင်ရှားပါက အနည်းဆုံး ထောင်ဒဏ် ၁၂ နှစ်မှ အများဆုံး ထောင်ဒဏ်တစ်သက်အထိ ချမှတ်နိုင်ကြောင်း သိရသည်။

လက်ရှိတွင် ဆင်းရဲနွမ်းပါးမှု၊ အလုပ်အကိုင်ရှားပါးမှုနှင့် လူမှုကွန်ရက်ပေါ်ရှိ အလုပ်ခေါ်စာအတုများကို ယုံကြည်မိခြင်းများကြောင့် အမျိုးသမီးများနှင့် ကလေးငယ်များမှာ လူကုန်ကူးသူများ၏ ပစ်မှတ်ဖြစ်နေရသည်ဟု DLEPS က ဆိုသည်။

ထို့ပြင် ပြည်သူများအနေဖြင့် လစာမြင့်မားသော အလုပ်ခေါ်စာများနှင့် မသိကျွမ်းသူများ၏ စည်းရုံးမှုများကို သတိပြုရန်၊ သံသယဖြစ်ဖွယ်ရှိပါက သက်ဆိုင်ရာဌာနများသို့ ချက်ချင်းသတင်းပေးတိုင်ကြားရန် နှိုးဆော်ထားသည်။



ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ