AB News – ဇွန် ၄၊ ၂၀၂၆
မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲမြို့နယ်ခွဲ၊ သင်္ဘောလှ (အပြင်) ကျေးရွာတွင် ပျောက်ဆုံးကြောင်း တိုင်ကြားထားသည့် ငွေကြေးနှင့် ရွှေထည်ပစ္စည်းများကို ပြန်လည်တွေ့ရှိခဲ့ပြီး အာရက္ခတပ်တော် (AA) တာဝန်ရှိသူများက ပိုင်ရှင်ဖြစ်သူထံ လွှဲပြောင်း အပ်နှံခဲ့ကြောင်း AB News က ကွင်းဆင်း တွေ့ရှိရသည်။
ဖြစ်စဉ်မှာ ကျေးရွာနေ နီမဖြူ (၃၆ နှစ်) က ၎င်း၏ ယောက္ခမဖြစ်သူ လှမောင်သာ (၆၀ နှစ်) ၏ နေအိမ်တွင် သိမ်းဆည်းထားသော မြန်မာကျပ်ငွေ ၁၂,၀၀၀,၀၀၀ ကျပ်၊ ဘင်္ဂလားဒေ့ရှ်တာကာ ၂၅၀,၀၀၀ ကျပ်နှင့် ရွှေထည်ပစ္စည်းများ ပျောက်ဆုံးနေကြောင်း တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိုင်ကြားချက် ရရှိပြီးနောက် အာရက္ခတပ်တော် (AA) တာဝန်ရှိသူများက ဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပြီး မေလ ၃၁ ရက် ည ၇ နာရီခန့်တွင် လှမောင်သာ၏ နေအိမ်အတွင်း ထပ်မံရှာ ဖွေစစ်ဆေးရာ ပျောက်ဆုံးကြောင်း တိုင်ကြားထားသည့် ငွေကြေးနှင့် ရွှေထည်ပစ္စည်းများကို ပြန်လည် တွေ့ရှိခဲ့ကြောင်း သိရသည်။
ပြန်လည်တွေ့ရှိသည့် ပစ္စည်းများတွင် မြန်မာကျပ်ငွေ ၁၂,၀၀၀,၀၀၀ ကျပ်၊ ဘင်္ဂလားဒေ့ရှ်တာကာ ၂၅၀,၀၀၀၊ ရွှေကြိုး ၁၀ အာနာ၊ ရွှေဆွဲကြိုး ၆ အာနာ၊ လက်ကောက် ၈ အာနာ၊ နားကပ် ၃ အာနာ၊ နားဆွဲ ၂ အာနာနှင့် ဆံညှပ် ၁ အာနာတို့ ပါဝင်ကြောင်း သိရသည်။
ယခင်ရက်ပိုင်းအတွင်း ကျေးရွာအတွင်း ဖြစ်ပွားခဲ့သည့် တင်းမာမှုများကြောင့် ဒေသခံအချို့သည် ငွေကြေးနှင့် အဖိုးတန်ပစ္စည်းများကို လုံခြုံရေးအရ နေအိမ်အတွင်းရှိ နေရာအမျိုးမျိုးတွင် ယာယီ သိမ်းဆည်းထားခဲ့ကြပြီး နောက်ပိုင်းတွင် သိမ်းဆည်းထားသည့် နေရာကို မေ့လျော့သွားခြင်းကြောင့် ပျောက်ဆုံးသည်ဟု ယူဆကာ တိုင်ကြားမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများ ကဆိုသည်။
ပြန်လည်တွေ့ရှိခဲ့သည့် ငွေကြေးနှင့် ရွှေထည်ပစ္စည်းများအား အာရက္ခတပ်တော် (AA) တာဝန်ရှိသူများက စိစစ်ရှာဖွေပြီးနောက် ပိုင်ရှင်ဖြစ်သူ နီမဖြူထံ စနစ်တကျ လွှဲပြောင်းအပ်နှံပေးခဲ့ကြောင်း သိရသည်။
ဒေသခံတစ်ဦးက “ရွာထဲမှာ အခြေအနေတွေ မတည်ငြိမ်တဲ့အချိန်မှာ လူတွေက ပစ္စည်းတွေကို လုံခြုံတဲ့နေရာတွေမှာ အလျင်အမြန် သိမ်းထားခဲ့ကြတာရှိပါတယ်။ နောက်ပိုင်း ပြန်ရှာတဲ့အခါ မေ့လျော့သွားတာမျိုးလည်း ဖြစ်တတ်ပါတယ်” ဟု ABN သို့ ပြောသည်။
အဆိုပါဖြစ်စဉ်တွင် ပျောက်ဆုံးကြောင်း တိုင်ကြားထားသည့် ပစ္စည်းများအား ပြန်လည်တွေ့ရှိခဲ့ပြီး မူလပိုင်ရှင်ထံ လွှဲပြောင်းအပ်နှံပေးခဲ့သဖြင့် စိုးရိမ်မှုများလည်း လျော့ပါးသွားကြောင်း သိရသည်။
ဒေသခံများ၏ ပြောကြားချက်အရ ပစ္စည်းများကို မူလပိုင်ရှင်ထံ ပြန်လည်ရောက်ရှိစေရေး ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းမှာ ဒေသအတွင်း တရားဥပဒေ စိုးမိုးရေးနှင့် အများပြည်သူ၏ ပိုင်ဆိုင်မှု လုံခြုံရေးအတွက် အရေးပါသည့် ဆောင်ရွက်ချက် တစ်ရပ်ဖြစ်ကြောင်း သိရသည်။


