
AB News – မေ ၁၄၊ ၂၀၂၆
ရက္ခိုင်ပြည်၊ အမ်းမြို့နယ်တွင် မသန်စွမ်း အဖိုးအိုတစ်ဦး တောမီးရှို့ရာမှ မီးလောင်၍ သေဆုံးခဲ့ကြောင်းသိရသည်။
ပြီးခဲ့သည့် မေလ ၄ ရက်နေ့၊ နံနက်ပိုင်း ၇ နာရီခန့်က အသက် ၇၅ နှစ်အရွယ် ဦးဉာဏ်ထွန်းဦးဆိုသူသည် နေအိမ်မှ ရွာတောင်ဘက် ၁ မိုင်ကျော်အကွာရှိ တောင်ယာကို မီးရှို့ရန် သွားခဲ့ပြီး ညနေပိုင်းအထိ နေအိမ်သို့ ပြန်မရောက်သဖြင့် မိသားစုဝင်များ လိုက်လံရှာဖွေရာ မီးလောင်သေဆုံးနေသည်ကို တွေ့ခဲ့ရကြောင်း သိရသည်။
မီးလောင်သေဆုံးခဲ့သူမှာ အမ်းမြို့နယ်၊ အောက်ရွာမှဖြစ်ပြီး ခြေတစ်ဖက်မသန်စွမ်းသူဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ထို အဖိုးအို၏ သေဆုံးမှုနှင့် ပတ်သတ်ပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ DLEPS ဌာနက လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရက္ခိုင်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလမှ မတ်လ အထိ ၂ လအတွင်း ပေါ့ဆမီးကြောင့် မီးလောင်မှု ၁၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။