AB News – မေ ၁၄၊ ၂၀၂၆
ရက္ခိုင်ပြည်၊ မြောက်ဦးမြို့နယ်အတွင်း စက်လှေတိမ်းမှောက်မှုတစ်ခု ဖြစ်ပွားခဲ့ရာ အသက် ၈ နှစ်အရွယ် ကလေးငယ်များအပါအဝင် မူဆလင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် မေလ ၁၂ ရက်၊ ညနေပိုင်းအချိန်တွင် မင်းပြားမြို့နယ်၊ အောင်တိုင် မူဆလင်ကျေးရွာမှ ရွာသားများသည် မြောက်ဦးမြို့နယ်၊ ရှမ်းတောင်ကျေးရွာတွင် ဘောလုံးကစားပြီးအပြန် လေးမြို့မြစ်အတွင်း စက်လှေတိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ခရီးစဉ်တွင် လူပေါင်း ၁၀၀ နီးပါးသည် စက်လှေ ၂ စီးဖြင့် လိုက်ပါလာခဲ့ခြင်းဖြစ်ပြီး ဝန်ပို တင်ဆောင်မှုကြောင့် တစ်စီးတိမ်းမှောက်သွားကာ ယခုကဲ့သို့ အသက်အန္တရာယ် ထိခိုက်ရသည့် မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်နိုင်ကြောင်း ကနဦး စုံစမ်းချက်များအရ သိရသည်။
သေဆုံးသူများမှာ အောင်တိုင်ကျေးရွာသားများအပြင် မင်းပြား၊ မြောက်ဦးနှင့် မြေပုံမြို့နယ်တို့မှ အသက် ၈ နှစ်မှ ၅၀ ကျော်အရွယ် မူဆလင်အမျိုးသားများဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်ထိ ရုပ်အလောင်း ၁၀ လောင်းကို ရှာဖွေတွေ့ရှိထားပြီး ပျောက်ဆုံးနေသူများ ကျန်ရှိနေသေးသဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေရဆဲဖြစ်သည်။
ပင်လယ်ကမ်းခြေနှင့် တစ်ဆက်တည်းရှိပြီး မြစ်ချောင်းပေါများသည့် ရက္ခိုင်ပြည်အတွင်း ယခုကဲ့သို့ စက်လှေတိမ်းမှောက်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။
ယင်းကြောင့် ရေကြောင်းခရီးသွားလာရာတွင် သတ်မှတ်ထားသည့် ကုန်စည်နှင့် လူဦးရေထက် ပိုမိုတင်ဆောင်ခြင်းမပြုရန် ဒေသခံများအကြား သတိပေးမှုများ ထွက်ပေါ်နေသည်။
ဓာတ်ပုံ – DMG


