AB News – မေ ၁၄၊ ၂၀၂၆
ရက္ခိုင်ပြည်အတွင်းရှိ မြို့နယ် (၁၆) မြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူ (၂၃၀,၀၀၀) ကျော်မှာ စားဝတ်နေရေး၊ အမိုးအကာနှင့် ကျန်းမာရေးဆိုင်ရာ အကျပ်အတည်း များစွာနှင့် ရင်ဆိုင်နေရကြောင်း သိရှိရသည်။
အထူးသဖြင့် ကျောက်ဖြူ၊ အမ်းနှင့် သံတွဲမြို့နယ်များမှ စစ်ဘေးရှောင်ပြည်သူများသည် ကူညီထောက်ပံ့မှု နည်းပါးခြင်းနှင့်အတူ မိုးရာသီကာလ နီးကပ်လာ၍ အမိုးအကာအောက် ရောက်ရှိရေးမှာ စစ်ဘေးရှောင်များ၏ အဓိက စိုးရိမ်ရသည့် အချက်တစ်ခု ဖြစ်နေသည်ကို တွေ့ရှိရသည်။
လက်ရှိတွင် ကျောက်ဖြူ၊ အမ်းနှင့် သံတွဲမြို့နယ်အတွင်း စစ်ဘေးရှောင် အိမ်ထောင်စု ၈,၀၀၀ ကျော်၊ လူဦးရေ ၃၇,၀၀၀ ကျော် ခိုလှုံနေကြပြီး ဆန်၊ ဆီ၊ ဆား အစရှိသည့် အခြေခံ စားနပ်ရိက္ခာများ ပုံမှန်ရရှိရန် အလွန်ခက်ခဲနေသည်။
၎င်းမြို့နယ်များတွင် လမ်းပန်းဆက်သွယ်ရေးအခက်အခဲ၊ ရေလမ်းခရီးများကြောင့် စားနပ်ရိက္ခာများ ထောက်ပံ့ရာတွင် ကြန့်ကြာမှုရှိသည့်အပြင် စစ်ကော်မရှင်တပ်၏ လက်နက်ကြီးပစ်ခတ်ခြင်း၊ ကင်းထောက်ဒရုန်းများ၊ နေဗီများအပါအဝင် ဂျက်တိုက်လေယာဉ်များဖြင့် တိုက်ခိုက်နေခြင်းကြောင့် လူသားချင်းစာနာ ထောက်ထားရေးဆိုင်ရာ အကူအညီများရရှိရန် အဟန့်အတားများဖြစ်နေကြောင်း သိရှိရသည်။
ယင်းမြို့နယ် ၃ ခုတွင် အမိုးအကာ လိုအပ်သည့် ကျေးရွာများအပါအဝင် စစ်ရှောင်စခန်း ၆၈ ခုရှိပြီး အိမ်ထောင်စု ၃၂၅၆ စုအတွက် သစ်၊ ဝါး၊ အုန်းနှင့် အမိုးအကာများ အရေးပေါ် လိုအပ်နေကြောင်း ကျောက်ဖြူမြို့နယ်မှ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက AB News သို့ ပြောသည်။
“စစ်ရှောင်းစခန်းတွေမှာက အလုပ်အကိုင်လည်း မရှိတော့၊ တချို့ဆို လက်ထဲရှိတဲ့ အဝတ်အစားနဲ့ အသုံးအဆောင်တွေကို ရောင်းပြီး စားနေကြရတယ်။ အခု မိုးကလည်း နီးလာပြီဆိုတော့ ရှိတဲ့တဲလေးတွေက မိုးဒဏ်လေဒဏ် ခံနိုင်ပါ့မလားဆိုတာက အတွေးထဲ ရောက်နေတယ်။ ကူညီမယ့်သူတွေဆီက အမိုးအကာနဲ့ ရိက္ခာလေးတွေ အမြန်ဆုံး ရောက်လာစေချင်ပါတယ်”ဟု ကျောက်ဖြူမြို့နယ်မှ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။
ဆေးဝါးနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုံလောက်စွာ မရရှိကြသည့်အပြင် သောက်သုံးရေ မလုံလောက်မှုမှာလည်း အဓိက ပြဿနာတစ်ခု ဖြစ်နေပြီး အချို့နေရာများတွင် ရေရရှိရေးအတွက် အလွန်ဝေးကွာသည့် နေရာများမှ သယ်ယူ၍ သောက်သုံးနေရကြောင်း သိရသည်။
ထို့အပြင် စစ်ဘေးရှောင်စခန်းများတွင် ခြင်ကိုက်ခြင်းနှင့် ပတ်ဝန်းကျင် မသန့်ရှင်းမှုကြောင့် ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများ၏ ကျန်းမာရေးမှာ ပိုမိုစိုးရိမ်နေရပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုနှင့် လုံခြုံရေး အခြေအနေများကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ရောက်ရှိရန် နှောင့်နှေးမှုများ ရှိနေကြောင်း သိရှိရသည်။
သံတွဲမြို့နယ်မှ စစ်ဘေးရှောင်စခန်းတစ်ခု၏ တာဝန်ခံတစ်ဦးက ”ကျွန်တော်တို့ဆီမှာက ကလေးတွေနဲ့ လူကြီးတွေမှာ ယားနာတွေ၊ တုပ်ကွေးတွေ ဖြစ်နေပေမဲ့ ဆေးဝါးက လုံလုံလောက်လောက် မရှိဘူး။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေတာကြောင့် အကူအညီတွေကလည်း ထိထိရောက်ရောက် မရောက်နိုင်သလို ဖြစ်နေတော့ စစ်ဘေးရှောင် မိသားစုတွေအတွက် ရှေ့ဆက်ဖို့က တကယ့်ကို စိန်ခေါ်မှုကြီး ဖြစ်နေပါတယ်” ဟုပြောသည်။
ကျောက်ဖြူ၊ အမ်းနှင့် သံတွဲမြို့နယ်မှ စစ်ဘေးရှောင်များမှာ အခြေခံ စားနပ်ရိက္ခာ (ဆန်၊ ဆီ၊ ဆား) နှင့် အာဟာရဖြစ်စေမည့် အစားအစာများ၊ မိုးရာသီအတွက် ခိုင်ခံ့သော အမိုးအကာ၊ သစ်၊ ဝါး၊ အုန်းနှင့် တာပေါ်လင်စများ၊ အရေးပေါ် ဆေးဝါးများနှင့် သန့်ရှင်းသော သောက်သုံးရေ စသည့် အကူအညီများ ထောက်ပံ့ပေးကြရန် ပြည်တွင်း၊ ပြည်ပမှ ကူညီထောက်ပံ့ပေးနေသည့် အဖွဲ့အစည်းများကို စစ်ဘေးရှောင်ပြည်သူများက တောင်းဆိုနေကြသည်။







