
AB News – မေ ၁၀၊ ၂၀၂၆
တောင်ကုတ်မြို့နယ်၊ မအီမြို့၊ ခြေတော်ရာ ဘုရားအနီးတွင် စမ်းချောင်းတွင် ဘုရားဖူးလာရောက်သည့် အမျိုးသား တစ်ဦးနှင့် အမျိုးသမီးတစ်ဦး ရေနှစ်သေဆုံးခဲ့ကြောင်းသိရသည်။
ယမန်နေ့ မေလ ၉ ရက်၊ နံနက်ပိုင်းအချိန်တွင် မအီမြို့၊ ခြေတော်ရာ ဘုရားသို့ သူငယ်ချင်းများနှင့်အတူ ဘုရားဖူးလာရောက်စဥ် ရေနစ်သေဆုံးခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။
သေဆုံးသွားသူများမှာ တောင်ကုတ်မြို့နယ်၊ အောင်သပြေကျေးရွာမှ အသက် (၁၉) နှစ်အရွယ် မောင်ထက်နိုင်လင်း(ခ) သားချေနှင့် အသက် (၁၈) နှစ် အရွယ် မဆုပန်လွင် တို့ဖြစ်ကြောင်းသိရသည်။
ဖြစ်စဥ်မှာ မဆုပန်လွင်မှ ခြေတော်ရာဘုရားအနီးရှိ စမ်းချောင်းထဲတွင်ရှိသော ကျောက်တုံးပေါ်တွင် ဓာတ်ပုံရိုက်ရာ၌ ခြေချော်၍ ချောင်းထဲသို့ပြုတ်ကျသွားခဲ့ရာ အတူပါလာသည့် မောင်ထက်နိုင်လင်း (ခ) သားချေမှာ သူမအားလိုက်လံဆယ်ယူရာတွင် ၎င်းပါ ရေနစ်သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။
ထို့နောက် ရေနစ်သူများအား အတူပါလာသည့် သူငယ်ချင်းများနှင့် အနီးအနားရှိ ဒေသခံများက လိုက်လံရှာဖွေခဲ့ကြရာ အဆိုပါနေ့ ညနေ ၃ နာရီ ၄၀ မိနစ်တွင် ၎င်းတို့ရုပ်အလောင်းများကို ရှာဖွေတွေရှိခဲ့ကြသည်။
မိုးရာသီရောက်လာသည့်နှင့်အမျှ ရက္ခိုင်တွင် ရေကြီး၊ ရေလျှံမှုများ မကြာခဏဖြစ်ပေါ်လေ့ရှိပြီး ရေစီးသန်သော မြစ်၊ ချောင်း၊ အင်း၊ အိုင်များသို့ သွားလာရာတွင် အထူးဂရုပြု သတိထားသွားလာကြရန် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ဒေသဆိုင်ရာတာဝန်ရှိသူများက သတိပေးနှိုးဆော်တိုက်တွန်းထားသည်။