
AB News – မေ ၁၀၊ ၂၀၂၆
မြဝတီမြို့တွင် အလုပ်လုပ်ကိုင်နေသည့် ရက္ခိုင်အမျိုးသမီးငယ် တစ်ဦးမှာ မိသားစုနှင့် အဆက်အသွယ်ပြတ်ကာ ပျောက်ဆုံးနေသည်မှာ ၉ လခန့်ကြာမြင့်နေပြီဖြစ်ကြောင်း မိသားစုအသိုင်းအဝိုင်းထံမှတဆင့်သိရှိရသည်။
ပျောက်ဆုံးနေသည့် အမျိုးသမီးငယ်မှာ ရက္ခိုင်ပြည်၊ ပေါက်တောမြို့နယ်၊ တန်းတင်ကျေးရွာမှ အဖ ဦးလုံးစံထွန်း၏ သမီး မကျီကျီအေး ၂၁ နှစ် ဖြစ်ကြောင်းသိရသည်။
“သူ့နဲ့ အဆက်အသွယ်ပြတ်သွားတာက စက်တင်ဘာလ ကတည်းကပါ။ ခုဆို ၉လတောင်ရှိပြီလေ အဆက်သွယ်မရဘဲ ပျောက်ဆုံးနေတာ၊ သူနဲ့တူတူနေတဲ့ အပေါင်းအသင်း၊ မိတ်ဆွေ၊ သူငယ်ချင်းတွေကိုလည်း ဆက်သွယ်မရဘူး။ သူမရဲ့ အဖေအမေတွေ၊ မိသားစုတွေ အရမ်းကို စိတ်ပူနေကြပါတယ်။ ကံကောင်းထောက်မပြီး အမြန်ဆုံးအဆက်သွယ်ရချင်ပါတယ်” ဟု မကျီကျီအေး၏ အစ်ကိုဝမ်းကွဲတော်စပ်သူမှ AB News သို့ ပြောသည်။
အဆိုပါ မကျီကျီအေးသည် ပြီးခဲ့သည့်နှစ်က မြဝတီမြို့သို့ အလုပ်သွားရောက် လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် နယ်စပ်ဒေသ စစ်ရေးအခြေအနေများနှင့် ဆက်သွယ်ရေး အခက်အခဲများကြောင့် မိသားစုဝင်များက ပိုမို၍ စိုးရိမ်မကင်းဖြစ်နေကြသည်။
၎င်းနှင့်ပတ်သက်သည့် သတင်းအစအန တစ်စုံတစ်ရာရရှိပါက သို့မဟုတ် တွေ့ရှိပါက နီးစပ်ရာအဖွဲ့အစည်းများထံသို့ ဖြစ်စေ၊ မိသားစုထံသို့ ဖြစ်စေ အကြောင်းကြားပေးပါရန် မိသားစုဝင်များက အကူအညီတောင်းခံထားသည်ကို တွေ့ရှိရသည်။