
AB News – မေ ၁၀၊ ၂၀၂၆
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားခရိုင်ရှိ ဟာကိမ်ပါရာ (Hakimpara) မူဆလင် ဒုက္ခသည်စခန်းအမှတ် (၁၄) တွင် မေလ ၇ ရက်နေ့ ညပိုင်းက ARSA အဖွဲ့ဝင်တစ်ဦးကို RSO အဖွဲ့ဝင်များက ဝိုင်းဝန်းရိုက်နှက်ကာ သေနတ်ဖြင့် ပစ်သတ်ရန် ကြိုးပမ်းမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။
မေလ ၇ ရက်နေ့၊ ည ၉ နာရီခွဲတွင် ARSA အဖွဲ့ဝင်ဟု သိရသည့် Showfique သည် လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် ထိုင်နေစဉ် တုတ်များနှင့် ပစ္စတိုသေနတ်များ ကိုင်ဆောင်ထားသည့် RSO အဖွဲ့ဝင် ၇ ဦးက ဆိုင်အတွင်း ဝင်ရောက်လာပြီး ဝိုင်းဝန်းရိုက်နှက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ရိုက်နှက်ပြီးနောက် သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ရန် ကြိုးပမ်းခဲ့သော်လည်း ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီး အော်ဟစ်သံများကြောင့် ပစ်ခတ်မှုမဖြစ်ပွားဘဲ ထွက်ပြေးသွားခဲ့ကြောင်း ဆိုသည်။
ဖြစ်စဉ်အပြီးတွင် ဒုက္ခသည်စခန်းအတွင်း နေထိုင်သူများက ထွက်ပြေးသည့် RSO အဖွဲ့ဝင်များကို လိုက်လံဖမ်းဆီးရာ RSO အဖွဲ့ဝင်တစ်ဦးဖြစ်သည့် မောင်တောမြို့နယ်၊ Diyoltoli ကျေးရွာမှ Kobir Ahmmod ၏သား Yousouf ကို ဖမ်းဆီးရမိခဲ့ပြီး ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် မေလ ၇ ရက်နေ့တွင်ပင် အုခီးယားမြို့နယ်ရှိ ကူတူပါလောင်ဒုက္ခသည်စခန်းကို ဘင်္ဂလားဒေ့ရှ် အထူးရဲတပ်ဖွဲ့ RAB-15 က ဝင်ရောက်စီးနင်းခဲ့ရာ ARO တပ်မှူး ၃ ဦးနှင့် RSO တပ်မှူး ၁ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ဒေသတွင်းသတင်းများတွင် ဖော်ပြထားသည်။
ယင်းမတိုင်မီ မေလ ၆ ရက်နေ့ကလည်း ကူတူပါလောင်ဒုက္ခသည်စခန်းအတွင်း ARA ခေါင်းဆောင် Nobi Hossain ၏ ညီဖြစ်သူ Nur Kamal လုပ်ကြံသတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။
ထို့အပြင် မေ ၅ ရက်နေ့တွင်လည်း ARSA၊ RSO နှင့် ARA အဖွဲ့များတွင် တပ်မှူးအဆင့်တာဝန်ယူခဲ့ဖူးပြီး နောက်ပိုင်း ARO အဖွဲ့ထောင်ခဲ့သည့် Abdoul Halim သည် ပြိုင်ဘက်လက်နက်ကိုင်အဖွဲ့များ၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။
လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်ရှိ မူဆလင်ဒုက္ခသည်စခန်းများအတွင်း ARSA၊ RSO၊ ARA၊ RIM နှင့် ARO ကဲ့သို့ လက်နက်ကိုင်အဖွဲ့များအကြား အပြန်အလှန်တိုက်ခိုက်မှုများ၊ လုပ်ကြံသတ်ဖြတ်မှုများ ပိုမိုဖြစ်ပွားလာနေပြီး ဒုက္ခသည်များအကြား စိုးရိမ်ကြောက်လန့်မှုများ မြင့်တက်နေကြောင်း သိရသည်။
ဒုက္ခသည်စခန်းများအတွင်း လက်နက်ကိုင်အဖွဲ့များ၏ ငွေညှစ်မှု၊ မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ ပြန်ပေးဆွဲမှုနှင့် အခြားရာဇဝတ်မှုများ ဆက်တိုက်ဖြစ်ပွားနေသဖြင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များအား လုံခြုံရေးတိုးမြှင့်ကာ ထိရောက်စွာ အရေးယူဆောင်ရွက်ပေးရန် တောင်းဆိုနေကြကြောင်း သိရသည်။