
AB News – ဧပြီ ၇၊ ၂၀၂၆
ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်ကို စစ်ကော်မရှင်လေတပ်က ယနေ့ ဧပြီလ ၇ ရက်၊ ည ၁၀ နာရီခန့်အချိန်တွင် ၁၀ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်ကော်မရှင်လေတပ်က ကျောက်တော်မြို့နယ်ကို ဂျက်ဖိုက်တာအုပ်စုအပါအဝင် Y-12 လေယာဉ် ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံတစ်ဦးက AB News သို့ ဆိုသည်။
“ဒီနေ့ ည ၁၀ နာရီလောက်က ဗုံးလာကြဲနေတာ။ အခုထိ Y-12 လေယာဉ်တွေ ဝဲနေပါသေးတယ်။ ဘယ်နေရာကို ကြဲချခဲ့တယ် ဆိုတာကိုတော့ မသိရသေးပါဘူး” ဟု ဆိုသည်။
ယနေ့ ဧပြီလ ၇ ရက်၊ နေ့လည် ၂ နာရီခန့်အချိန်တွင်လည်း စစ်ကော်မရှင်လေတပ်က မင်းပြားမြို့နယ်ကို လေယာဉ်အုပ်စုဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။