
AB News – မေ ၉၊ ၂၀၂၆
ARA နှင့် ARSA မူဆလင် အကြမ်းဖက်အဖွဲ့များက မြိုလူမျိုးများအား အာရက္ခတပ်တော်(AA) နှင့် RSO တို့ ဖမ်းဆီးနှိပ်စက်ခဲ့ကြောင်း ပြောဆိုခိုင်းခဲ့သည့် ဝါဒဖြန့် ရုပ်သံတစ်ခု ထွက်ပေါ်လာနေသည်ကို တွေ့ရှိရသည်။
RSOနှင့် အာရက္ခတပ်တော်(AA) သည် မြိုလူမျိုးများကို အကြမ်းဖက် သတ်ဖြတ်မည်ဟု ARA နှင့် ARSA က မြိုလူများအား ခြိမ်းခြောက် ပြောဆိုခိုင်းခဲ့ပြီး မြိုလူမျိုးများမှာလည်း ဘင်္ဂလားဒေ့ရှ်နယ်စပ်သို့ ခိုလှုံ၍ စစ်ဘေးရှောင်ခဲ့ကြရကြောင်း ပြောဆိုခိုင်းထားသည်ကို တွေ့ရှိရသည်။
အဆိုပါ ဝါဒဖြန့် ရုပ်သံတွင် “AA နဲ့ RSO မူဆလင်အကြမ်းဖက်အဖွဲ့တွေက ကျနော်တို့ မြိုလူမျိုးတွေကို အကြမ်းဖက်နှိပ်စက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အမျိုးသမီးတွေကိုလည်း နှိပ်စက်တယ်။ သေနတ်တွေ ကိုင်ဆောင်ပြီး ကျနော်တို့ကို အမျိုးမျိုး ခြိမ်းခြောက်ပါတယ်။ သူတို့လုပ်ရပ်တွေကို ကျွန်တော်တို့ မခံနိုင်ပါဘူး။ မြိုလူမျိုးတွေကို ရက္ခိုင်ပြည်ထဲမှာ မနေရဘူးဆိုပြီး ပြောတယ်။ ဒါကြောင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ခိုလှုံနေရတယ်” ဟူ ပြောဆိုထားသည်။
သတင်းရင်းမြစ်များအရ အဆိုပါ ဝါဒဖြန့် ရုပ်သံသည် ARA နှင့် ARSA မူဆလင်အကြမ်းဖက်အဖွဲ့များက အာရက္ခတပ်တော်(AA)နှင့် RSO တို့အား ပစ်မှတ်ထား တိုက်ခိုက်သည့် ရယ်ရွယ်ချက်ဖြင့် မြိုလူမျိုးတို့အား ခြိမ်းခြောက်ပြောဆိုခိုင်းခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
ပထမတွင် ARSA အဖွဲ့၏ ပစ်မှတ်မှာ အာရက္ခတပ်တော် AA ဖြစ်ခဲ့သော်လည်း လက်ရှိတွင် မူဆလင် အကြမ်းဖက်အဖွဲ့ RSO အပေါ်မှာလည်း ပစ်မှတ်ထားလာသည်ကို တွေ့ရှိရသည်။
ယခုရက်ပိုင်းအတွင်း ရက္ခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်၌ အကြမ်းဖက် မူဆလင် အဖွဲ့များဖြစ်ကြသည့် ARSAနှင့် RSO အဖွဲ့တို့ အပြန်အလှန် ပစ်ခတ်မှုများရှိနေပြီး ဘင်္ဂလားဒေ့ရှ် မူဆလင် ဒုက္ခသည်စခန်းအတွင်းလည်း ဖမ်းဆီးသတ်ဖြတ်မှုများ ဖြစ်ပွားလျက်ရှိသည်။
၎င်းတို့ အကြမ်းဖက် ၂ ဖွဲ့သည် ပထမတွင် အာရက္ခတပ်တော်(AA) အား ပူးပေါင်းတိုက်ခိုက်မည်ဟု ကြွေးကြော်ပြောဆိုခဲ့ကြသော်လည်း ၎င်းတို့ ၂ ဖွဲ့သည် လက်ရှိတွင် အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှုများရှိလာသည်ကို တွေ့ရသည်။
ရုပ်သံ – လူမှုကွန်ရက်