သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဂွမြို့နယ်တွင် မသန်စွမ်းအမျိုးသမီးတစ်ဦးအား အဓမ္မပြုကျင့်သူနှစ်ဦးကို DLEPS ဖမ်းဆီးအမှုဖွင့်

AB News – မေ၉၊ ၂၀၂၆

ရက္ခိုင်ပြည်၊ ဂွမြို့နယ်တွင် မွေးရာပါ ပိုလီယိုဝေဒနာရှင် အမျိုးသမီးတစ်ဦးအား အဓမ္မပြုကျင့်သူနှစ်ဦးကို DLEPS ဌာနက ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

​ပြီးခဲ့သည့် မေလ ၁ ရက်နေ့တွင် ဂွမြို့နယ်၊ ကြွီချိုင်ကျေးရွာရှိ အသက် ၂၅ နှစ်အရွယ် မွေးရာပါ လေဖြတ်ဝေဒနာခံစားနေရသူ အမျိုးသမီးငယ်တစ်ဦးအား တစ်ရွာတည်းနေ ငအောင် (၃၇ နှစ်) နှင့် စည်သူဝင်း (၃၈ နှစ်) တို့က အဓမ္မပြုကျင့်ခဲ့ခြင်း ဖြစ်သည်။

ကာယကံရှင် အမျိုးသမီးငယ်မှာ စိတ်ထိခိုက်နေချိန်တွင် ၎င်းကြုံတွေ့ခဲ့ရသည့် ဖြစ်စဉ်ကို ထုတ်ဖော်ပြောဆိုခဲ့ရာမှ ရပ်ရွာလူကြီးများနှင့် အုပ်ချုပ်ရေးအဖွဲ့များက တိုင်ပင်၍ သက်ဆိုင်ရာ တိုက်နယ်အုပ်ချုပ်ရေးအဖွဲ့ထံ အကြောင်းကြားကာ ကျူးလွန်သူများကို ဖမ်းဆီးစေခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦး၏ ပြောပြချက်အရ သိရသည်။

​လက်ရှိတွင် ကျူးလွန်သူနှစ်ဦးကို DLEPS ဌာနက ဖမ်းဆီးအမှုဖွင့်ထားသော်လည်း ရက္ခိုင်ဒေသအတွင်း ဤကဲ့သို့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ဆက်တိုက်ဖြစ်ပွားနေခြင်းကြောင့် ဒေသခံများအကြား စိုးရိမ်ထိတ်လန့်မှုများ မြင့်တက်လျက်ရှိသည်။

ပြီးခဲ့သည့် မတ်လအတွင်းကလည်း ပေါက်တောမြို့နယ်တွင် ၈ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရခြင်းနှင့် မောင်တောမြို့နယ်တွင် ၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရခြင်းတို့ ဖြစ်ပွားခဲ့သည်။

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ မေလဆန်းအထိ ရက္ခိုင်ပြည်အတွင်း သက်ငယ်မုဒိမ်းမှု အနည်းဆုံး ၇ မှုခန့် ရှိလာနေကြောင်း သိရသည်။

 တရားခံများကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန (DLEPS) က ဖမ်းဆီးအရေးယူမှုများ လုပ်ဆောင်နေသော်လည်း  မုဒိမ်းမှုများ နောက်ထပ်မဖြစ်ပွားစေရန်အတွက် ကျူးလွန်သူများကို ထိရောက်စွာ အရေးယူပေးရန် ဒေသခံများနှင့် တက်ကြွလှုပ်ရှားသူများက ပြင်းပြင်းထန်ထန် တောင်းဆိုနေကြသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ