
AB News – ဇွန် ၁၃၊ ၂၀၂၆
ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်၊ တပ်ဦးချောင်းကျေးရွာတွင် မှိုစားသုံးရာမှ မိသားစုဝင် ၄ ဦး အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြောင်း AB News က သတင်းရရှိသည်။
အစာအဆိပ်သင့်ခဲ့သူများမှာ အသက် ၃၄ နှစ်အရွယ် ဒေါ်မြပွင့်စိန် ၊အသက် ၁၂ နှစ်အရွယ် မောင်လှကျော်ဌေး၊ အသက် ၈ နှစ်အရွယ် မခိုင်စုလှိုင်နှင့် အသက် ၄ နှစ်အရွယ် မောင်ကျော်သိန်းလင်းတို့ ဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန်လ ၁၂ ရက်နေ့ ၊ နံနက် ၁၀ နာရီခန့်တွင် မိခင်ဖြစ်သူ မြပွင့်စိန်သည် ကျေးရွာအနီးရှိ လယ်ကွင်းပြင်သို့ သွားရောက်ကာ မှိုများ ခူးဆွတ်ခဲ့ရာတွင် အဆိပ်မှိုအမျိုးအစားများ ရောနှောပါလာခဲ့ကြောင်း သိရသည်။
ယင်းနောက် မှိုများကို ချက်ပြုတ်စားသောက်ခဲ့ပြီး တစ်နာရီခန့်အကြာတွင် သမီးဖြစ်သူ မခိုင်စုလှိုင်မှ ခေါင်းမူးခြင်းနှင့် အော့အန်ခြင်း လက္ခဏာများ စတင်ခံစားရကာ နောက်ပိုင်းတွင် ကျန်မိသားစုဝင်များပါ အော့အန်ခြင်း၊ ခေါင်းမူးခြင်းနှင့် အစာအဆိပ်သင့်သည့် လက္ခဏာများ ဆက်လက် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“အစပိုင်းမှာ ကလေးတွေက အော့အန်ပြီး ခေါင်းမူးလာကြတယ်။ နောက်ပိုင်းမှာ လူကြီးတွေပါ အလားတူ လက္ခဏာတွေ ခံစားလာရတာကြောင့် ဆေးကုသမှုခံယူခဲ့ရပါတယ်” ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက AB News သို့ ပြောသည်။
လက်ရှိတွင် အစာအဆိပ်သင့်ခဲ့သူ လေးဦးစလုံး၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လာနေပြီး လိုအပ်သည့် ဆေးကုသမှုများ ခံယူလျက်ရှိကြောင်း သိရသည်။
ကျန်းမာရေးပညာရှင်များက မိုးရာသီကာလအတွင်း တောရိုင်းမှိုများကို စားသုံးရာတွင် အထူးသတိပြုရန် အကြံပြုထားသည်။
စားသုံးနိုင်သည့် မှိုများနှင့် အသွင်အပြင်ဆင်တူသည့် အဆိပ်ပြင်းမှိုအချို့ရှိပြီး ယင်းတို့ကို မှားယွင်းစားသုံးမိပါက အော့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ခေါင်းမူးခြင်းနှင့် သတိလစ်ခြင်းများ ဖြစ်ပွားနိုင်သည့်အပြင် အသည်းနှင့် ကျောက်ကပ်ပျက်စီးခြင်း၊ ပြင်းထန်ပါက အသက်ဆုံးရှုံးမှုအထိ ဖြစ်စေနိုင်ကြောင်း သိရသည်။
ထို့ကြောင့် အမျိုးအစားမသေချာသည့် တောရိုင်းမှိုများကို မစားသုံးကြရန်နှင့် မှိုစားသုံးပြီးနောက် အစာအဆိပ်သင့်သည့် လက္ခဏာများ ပေါ်ပေါက်လာပါက အနီးဆုံး ကျန်းမာရေးဌာနသို့ အမြန်ဆုံး သွားရောက်ကုသမှုခံယူကြရန် ကျန်းမာရေးပညာရှင်များက အကြံပြုထားသည်။
Photo – ABN