
AB News – ဇွန် ၁၄ ၊ ၂၀၂၆
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် စစ်တပ်က မုဒိန်းကျင့် သတ်ဖြတ်ထားသည်ဟု ယူဆရသည့် အမျိုးသမီး ရုပ်အလောင်းကို ဒေသခံများမှ ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
သေဆုံးခဲ့သည့် အမျိုးသမီးမှာ နတ်တလင်းမြို့နယ်၊ မကျီးပင်ကျေးရွာမှ အသက် ၂၈ နှစ်အရွယ် မတင်မာဆွေ ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီလ ၁၄ ရက်နေ့တွင် မကျီးပင်ကျေးရွာ အောင်သုခစက်လှေဆိပ်သို့ စစ်ကော်မရှင်စစ်ကြောင်း ရောက်ရှိလာပြီး ကျေးရွာအတွင်းရှိ နေအိမ် ၃၀ နီးပါးကို မီးရှို့ဖျက်ဆီးခဲ့သည်။
ဇွန်လ ၁၀ ရက်နေ့တွင် အဆိုပါ စစ်ကော်မရှင်တပ် အထိုင်စခန်းအနီးရှိ ကျွန်းခင်းအတွင်းမှ အနံ့အသက်များ ထွက်ပေါ်လာသဖြင့် ဒေသခံများ သွားရောက်ကြည့်ရှုရာ မတင်မာဆွေ၏ ရုပ်အလောင်းကို အဝတ်အစား မပြည့်စုံသည့် အခြေအနေဖြင့် ပုပ်ပွလျက် တွေ့ရှိခဲ့ရကြောင်း သိရသည်။
အောင်သုခစက်လှေဆိပ်တွင် စစ်ကော်မရှင်တပ် တပ်စွဲထားစဉ်အတွင်း စက်လှေဆိပ်အနီးတွင် နေထိုင်သည့် ကိုထွန်းထွန်းဦး ၏ဇနီး မတင်မာဆွေကို စစ်ကော်မရှင်တပ်သားများက ခေါ်ယူကာ ၎င်းတို့အတွက် ထမင်းချက်ခိုင်းခဲ့ကြောင်း သိရသည်။
ရုပ်အလောင်းအား ဒေသခံများ တွေ့ရှိချိန်တွင် အဝတ်အစားများ မရှိတော့ဘဲ ကိုယ်လုံးတီးဖြင့် ပုပ်ပွနေပြီဖြစ်ကြောင်းနှင့် အဆိုပါအလောင်းတွေ့ရှိသည့် နေရာသည် စစ်ကော်မရှင်တပ် စခန်းချရာနေရာနှင့် နီးကပ်နေပြီး ၎င်းတို့က မုဒိမ်းကျင့်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက အတည်ပြု ပြောဆိုနေကြသည်။
လက်ရှိတွင် မကျီးပင်စက်လှေဆိပ်၌ ဘန်ကာများဖြင့် တပ်စွဲထားသော စစ်ကော်မရှင်တပ်သည် ဒေသခံ ပြည်သူများထံမှ အခွန်ငွေအမည်တပ်ကာ တစ်ပတ်လျှင် တစ်ကြိမ် ငွေကျပ် ၁ သိန်းစီ မတရားကောက်ခံလျက် ရှိကြောင်းလည်း သိရသည်။