
AB News – ဇွန် ၁၄၊ ၂၀၂၆
အမေရိကန်၊ အစ္စရေး မဟာမိတ်များနှင့် အီရန်နိုင်ငံတို့အကြား ဖြစ်ပွားနေသော စစ်ပွဲအား အဆုံးသတ်ရန်အတွက် သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးသွားရန် စီစဉ်ထားကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ထုတ်ဖော်ပြောကြားလိုက်သည်။
ယမန်နေ့ ဇွန်လ ၁၃ ရက်နေ့တွင် သမ္မတထရမ့်၏ Truth Social လူမှုကွန်ရက်စာမျက်နှာ၌ ဖော်ပြခဲ့သော အဆိုပါထုတ်ပြန်ချက်သည် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စ်မေးလ် ဘာဂါအီ (Esmaeil Baghaei) ၏ အစောပိုင်းထုတ်ပြန်ချက်နှင့် သိသိသာသာ ကွဲလွဲနေသည်။
အီရန်နိုင်ငံပိုင် IRNA သတင်းဌာန၏ ဖော်ပြချက်အရ (Esmaeil Baghaei ) ဘာဂါအီက ဇွန်လ ၁၄ ရက်နေ့တွင် နားလည်မှုစာချွန်လွှာအား လက်မှတ်ရေးထိုးသွားမည်မဟုတ်ကြောင်းနှင့် ညှိနှိုင်းဆွေးနွေးသူများအနေဖြင့်လည်း ယင်းအခမ်းအနားအတွက် ဆွတ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့သို့ ချက်ချင်းသွားရောက်ရန် အစီအစဉ်မရှိသေးကြောင်း ငြင်းဆိုထားသည်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ (Esmaeil Baghaei) ဘာဂါအီ၏ အဆိုအရ လက်မှတ်ရေးထိုးပွဲသည် လာမည့်ရက်ပိုင်းအတွင်း၌သာ ဖြစ်ပွားနိုင်ခြေရှိကြောင်း သိရသည်။
သို့သော်လည်း ထိုသို့ပြောကြားပြီး နာရီပိုင်းအကြာတွင် သမ္မတထရမ့်က “သဘောတူညီချက်ကို မနက်ဖြန်မှာ လက်မှတ်ရေးထိုးဖို့ စီစဉ်ထားပြီး လက်မှတ်ထိုးပြီးတာနဲ့ ချက်ချင်းပဲ ဟော်မုဇ်ရေလက်ကြား (Hormuz Strait) ကို လူတိုင်းအတွက် ပြန်လည်ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်” ဟု ရေးသားခဲ့သည်။
ယနေ့ ဇွန်လ ၁၄ ရက် (တနင်္ဂနွေနေ့) သည် သမ္မတ ဒေါ်နယ်ထရမ့်၏ အသက် ၈၀ ပြည့် မွေးနေ့လည်း ဖြစ်သည်။
မကြာခင်ထွက်ပေါ်လာမည့် သဘောတူညီချက်၏ အသေးစိတ်အချက်အလက်များနှင့် ပတ်သက်၍ အီရန်နှင့် အမေရိကန်တို့အကြား မကြာသေးမီရက်ပိုင်းအတွင်းက အပြန်အလှန် ငြင်းခုံကွဲလွဲမှုများ ရှိခဲ့သော်လည်း နှစ်ဖက်စလုံးက သဘောတူညီချက်ရရှိရန် ယခင်ကထက် ပိုမိုနီးစပ်နေပြီဟူသော အရိပ်အယောင်များကို ယေဘုယျအားဖြင့် ပြသနေကြသည်။
သို့သော်လည်း သဘောတူညီချက်ဆိုင်ရာ စည်းကမ်းချက်များကို တရားဝင်ထုတ်ပြန်ခြင်း မရှိသေးသကဲ့သို့ အတည်လည်းမပြုရသေးကြောင်း အမေရိကန်နှင့် အီရန်အရာရှိများက ပြီးခဲ့သည့် ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်နေ့တွင် အခိုင်အမာ ပြောကြားခဲ့ကြသည်။
သမ္မတထရမ့်၏ လူမှုကွန်ရက်တွင် ရေးသားသည့် ဖော်ပြချက်အရ အဆိုပါသဘောတူညီချက်သည် ဟော်မုဇ်ရေလက်ကြားအား ပြန်လည်ဖွင့်လှစ်ပေးရန်သာမက နျူကလီးယားလက်နက် လုံးဝကင်းစင်ရေးအတွက် အကာအကွယ်တံတိုင်းကြီး ဖြစ်လာစေမည်ဖြစ်ကြောင်းနှင့် နှစ်ဖက်အကြား မည်သည့်ငွေကြေးလဲလှယ်မှုမျှ ရှိလာမည်မဟုတ်ကြောင်း သိရသည်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရတ်ချ်ချီ (Abbas Araghchi) က ဇွန်လ ၁၂ ရက်နေ့တွင် အီရန်၏ Press TV မှတဆင့် ပြောကြားရာတွင် ယခုလက်မှတ်ထိုးမည့် အကြိုနားလည်မှုစာချွန်လွှာသည် အီရန်၏ နျူကလီးယားအစီအစဉ် အနာဂတ်အတွက် ဆွေးနွေးပွဲများ စတင်နိုင်မည့် ခြေလှမ်းအစသာ ရှိသေးကြောင်း ဆိုထားသည်။
၎င်းက ဆက်လက်၍ လက်မှတ်ရေးထိုးခြင်းကြောင့် တိုက်ပွဲများ ချက်ချင်းရပ်တန့်သွားမည်ဖြစ်သော်လည်း အီရန်နှင့် အိုမန်တို့က ဟော်မုဇ်ရေလက်ကြားကို ဆက်လက်ထိန်းချုပ် စီမံသွားမည်ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
ထို့ပြင် အီရန်အပေါ် ချမှတ်ထားသော နိုင်ငံခြားပိတ်ဆို့အရေးယူမှုများကို ရုပ်သိမ်းရေးနှင့် ရွှေ့ဆိုင်း (ပိတ်ဆို့) ထားသော နိုင်ငံပိုင် ပိုင်ဆိုင်မှုများကို ပြန်လည်လွှတ်ပေးရေး ကိစ္စရပ်များကိုမူ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီးမှသာ ဆွေးနွေးသွားမည်ဖြစ်ကြောင်း (Abbas Araghchi) အာရတ်ချ်ချီ က ဆိုသည်။
ယခုကဲ့သို့ သံတမန်ရေးရာ လှုပ်ရှားမှုများ အလျင်အမြန် ထွက်ပေါ်လာခြင်းမှာ ယခုသီတင်းပတ်အတွင်း အမေရိကန်နှင့် အီရန်တို့ နှစ်ရက်တိုင်တိုင် အပြန်အလှန် တိုက်ခိုက်ခဲ့ကြပြီးနောက်တွင် ပေါ်ပေါက်လာခြင်းဖြစ်ပြီး၊ ပြီးခဲ့သည့် ဧပြီ ၈ ရက်ကတည်းက သဘောတူညီခဲ့သော တိုက်ပွဲရပ်တန့်မှုကို ပျက်ပြားမည့် အခြေအနေသို့ ရောက်ရှိခဲ့သည်။
အီရန်နိုင်ငံ၏ နျူကလီးယားအစီအစဉ်ဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ကြားခံနိုင်ငံများမှတစ်ဆင့် သွယ်ဝိုက်ဆွေးနွေးပွဲများ ဆက်လက်ကျင်းပနေစဉ်အတွင်းမှာပင် အမေရိကန်နှင့် အစ္စရေးနိုင်ငံတို့သည် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က အီရန်နိုင်ငံအပေါ် စတင်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။
အမေရိကန်အပေါ် ကြီးမားသည့် သံသယနှင့် မယုံကြည်မှုများ ရှိနေခြင်းကြောင့် အခုဖြစ်ပွားနေသည့် စစ်ပွဲကို အပြီးတိုင်အဆုံးသတ်နိုင်မည့် ရေရှည်သဘောတူညီချက်မျိုး ရရှိရန် ကြိုးပမ်းမှုများ နှောင့်နှေးကြန့်ကြာနေရခြင်းဖြစ်ကြောင်း အီရန်အရာရှိများက ဆိုသည်။
တစ်ချိန်တည်းမှာပင် ထရမ့်ကမူ ၎င်း၏ ဒီမိုကရက်တစ်ပါတီဝင် ပြိုင်ဘက်ဟောင်း သမ္မတဟောင်း ဘာရက်အိုဘားမား လက်ထက် ၂၀၁၅ ခုနှစ်က ချုပ်ဆိုခဲ့သည့် ဘက်စုံပူးပေါင်းဆောင်ရွက်မှု နျူကလီးယားသဘောတူညီချက် (JCPOA) စာချုပ်ထက် ပိုမိုကောင်းမွန်ပြီး တင်းကျပ်ပြတ်သားသည့် သဘောတူညီချက်မျိုး ရအောင်ယူမည်ဟု ကတိပေးပြောဆိုနေခဲ့သည်။
အီရန်နိုင်ငံသည် ၎င်းတို့၏ နျူကလီးယားအစီအစဉ်ကို အရပ်ဘက်သုံး (လျှပ်စစ်နှင့် ဆေးဝါးလုပ်ငန်း စသည်) အတွက်သာ တည်ဆောက်နေခြင်းဖြစ်ပြီး၊ နျူကလီးယားလက်နက် ထုတ်လုပ်ရန် ကြိုးပမ်းနေခြင်း မဟုတ်ကြောင်း နှစ်ပေါင်းများစွာကတည်းက အခိုင်အမာ ပြောကြားလာခဲ့သည်။
သို့သော် ထရမ့်က “ကျွန်တော်တို့ရဲ့ အီရန်နဲ့ ဆက်ဆံရေးဟာ အရင်အစိုးရတွေ လက်ထက်ကထက်စာရင် အများကြီး ကွဲပြားပြီး ပိုကောင်းမွန်ပါတယ်။ ဒီလုပ်ငန်းစဉ်တွေအားလုံး မြန်မြန်ဆန်ဆန်၊ လွယ်လွယ်ကူကူနဲ့ ချောချောမွေ့မွေ့ ပြီးမြောက်သွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့သည်။
“တကယ်လို့ အဆင်မပြေခဲ့ရင်တော့ ကျွန်တော်တို့မှာ နောက်ဆုံးရွေးချယ်စရာ နည်းလမ်းရှိပါတယ်။ ဒါပေမဲ့ အဲဒီနည်းလမ်းကို နောက်ထပ် ဘယ်တော့မှ ထပ်မသုံးရပါစေနဲ့လို့ မျှော်လင့်ပါတယ်” ဟု ထရမ့်က ဆိုသည်။
ဓာတ်ပုံ – AI Jazeera