သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တပ်၏ စစ်ရာဇဝတ်မှုများကို နိုင်ငံတကာတရားရုံး၌ ထိရောက်စွာ တရားစွဲဆိုအရေးယူရန် အချိန်တန်ပြီဟု ဆရာ ဝေဟင်အောင် ပြောဆို

AB News – နိုဝင်ဘာ ၆၊ ၂၀၂၆

အကြမ်းဖက် စစ်ကော်မရှင်တပ်သည် စစ်ရေးနှင့် မသက်ဆိုင်သည့် အရပ်သား ပြည်သူများနေထိုင်ရာ နေရာများ၊ စာသင်ကျောင်းများ၊ ဆေးရုံ/ဆေးခန်းများ၊ ဈေးဆိုင်များ၊ သာသနိက အဆောက်အအုံများနှင့် လမ်းတံတားများကို လေကြောင်း၊ ရေကြောင်းတို့ဖြင့် ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ ယင်းကဲ့သို့ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ (Crimes Against Humanity) အတွက် နိုင်ငံတကာရောက် လူ့အဖွဲ့အစည်းများ၊ တက်ကြွလှုပ်ရှားသူများနှင့် ရက္ခိုင်ပညာတတ်များ ဦးဆောင်၍ နိုင်ငံတကာ တရားရုံးများ၌ တရားစွဲဆို အရေးယူနိုင်အောင် ဆောင်ရွက်သင့်ပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်း ဆရာ ဝေဟင်အောင် က AB News သသို့ ပြောဆိုသည်။

စစ်ကော်မရှင်တပ်သည် နိုဝင်ဘာလ ၁ ရက်နေ့တွင် ရက္ခိုင်ပြည်အတွင်းရှိ မြို့နယ် ၄ ခုကို လေကြောင်းမှ ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ယင်းအနက် အဆိုးရွားဆုံးဖြစ်စဉ်အဖြစ် မြောက်ဦးမြို့ရှိ ယာယီသားဖွားဆေးရုံကို နိုင်ငံတကာက သုံးစွဲခွင့် ပိတ်ပင်တားမြစ်ထားသည့် ကလပ်စတာဗုံး (Cluster Bomb) များဖြင့် ကြဲချခဲ့သည့်အပြင် ကျောက်တော်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အစပ်ရှိ ယိုးချောင်းတံတားကိုလည်း ဗုံးကြဲဖျက်ဆီးခဲ့သည်။ ယင်းတိုက်ခိုက်မှုများကြောင့် တစ်ရက်တည်းမှာပင် အရပ်သား ၁၂ ဦး သေဆုံးကာ ၃၀ ကျော် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။

“စစ်ကော်မရှင်တပ်ဟာ ဖက်ဆစ်ဝါဒပေါ်မှာ သန္ဓေတည်ထားပြီး အကြမ်းဖက် လုပ်ရပ်တွေကို ကျူးလွန်နေတာ ကြာပါပြီ။ နိုင်ငံတကာက သူတို့သတ်မှတ်ထားတဲ့ စစ်သားတွေလိုက်နာရမဲ့ စစ်ဥပဒေတွေရှိတယ်။ ဂျနီဗာ ကွန်ဗင်းရှင်းပါ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေတွေအရ အရပ်သားတွေ၊ စစ်သုံ့ပန်းတွေ၊ ဆေးရုံ ဆေးခန်းတွေ၊ စာသင်ကျောင်းတွေနဲ့ လမ်းတံတားတွေကို ဘာအကြောင်းနဲ့မှ မဖျက်ဆီးရဘူးလို့ သတ်မှတ်ထားပေမဲ့ သူတို့တစ်ခါမှ မလိုက်နာခဲ့ပါဘူး” ဟု ဆရာ ဝေဟင်အောင် က ထောက်ပြသည်။

လက်ရှိ ရက္ခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင် ဦးရေ ၆ သိန်းခန့်အထိ ရှိနေပြီး စစ်ကိုင်းတိုင်းပြီးလျှင် မြန်မာတစ်နိုင်ငံလုံးတွင် ဒုတိယ အများဆုံး စစ်ဘေးရှောင် ပမာဏ ဖြစ်သည်။

ထို့အပြင် အကြမ်းဖက် စစ်ကော်မရှင်တပ်သည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့မှစ၍ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုများနှင့်အတူ စားနပ်ရိက္ခာနှင့် ဆေးဝါး ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို အကူအညီပေးသူများဘက်က လိုက်မမှီနိုင်သည့် အခြေအနေတွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်လာခြင်းကြောင့် မြေပြင် ကူညီကယ်ဆယ်ရေး အဖွဲ့များ၊ ဆေးဝန်ထမ်းများနှင့် ပြည်သူလူထုမှာ သာမန်ထက် ပိုမိုဆိုးရွားသည့် အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။

စစ်ကော်မရှင်တပ်က အရပ်သား ပစ်မှတ်များ၊ ဈေးများ၊ ဆေးရုံများနှင့် လမ်းတံတားများကို ပစ်ခတ်ဖျက်ဆီးနေခြင်းမှာ နိုင်ငံတကာ အသိုင်းအဝိုင်း၏ အားနည်းသည့် ထုတ်ပြန်ချက် (Statement) မျှသာ ထုတ်ပြန်ပြီး ထိရောက်သည့် တားမြစ် အရေးယူဆောင်ရွက်ချက်များ (Actions) မရှိခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ဆရာ ဝေဟင်အောင် က ဆိုသည်။

“နိုင်ငံတကာက Statement ထုတ်ရုံလောက်ပဲ လုပ်နေတာဟာ တစ်နည်းအားဖြင့် လူမိုက်အားပေးသလို ဖြစ်နေပါတယ်။ မြင်မြင်သာသာ Action မရှိတဲ့အတွက် ဒီစစ်တပ်ဟာ ပိုပြီး လက်ရဲဇက်ရဲ ဖြစ်လာတာပါ။ အခုလည်း မြောက်ဦး ဆေးရုံကိုပစ်ခတ်သွားတာဟာဆိုလို့ရှိရင် လုံးဝတားမြစ်ထားတဲ့ cluster ဗုံးကို သုံးသွားတာ။ဒါကြောင့် ဆေးရုံတွေကို ပစ်တာ၊ လမ်းတံတားနဲ့ ဈေးတွေကို ပစ်တာ စတဲ့ စစ်ရာဇဝတ်မှု (War Crimes) နဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု (Crimes Against Humanity) တွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတဲ့ ဒီစစ်တပ်ကို နိုင်ငံတကာရောက် လူ့အဖွဲ့အစည်းတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ ရက္ခိုင် ပညာတတ်တွေ ဦးဆောင်ပြီး နိုင်ငံတကာ တရားရုံးတွေမှာ အမြန်ဆုံး တရားစွဲဆို အရေးယူနိုင်အောင် လုပ်သင့်ပါပြီ” ဟု ဆရာ ဝေဟင်အောင် က တိုက်တွန်း ပြောကြားခဲ့သည်။

လက်ရှိ ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှ ၅ ရက်နေ့အထိ အကြမ်းဖက် စစ်ကော်မရှင်တပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မွေးကင်းစကလေးငယ်တစ်ဦးအပါအဝင် ၁၅ ဦးသေဆုံးပြီး ၄၈ ဦးထက်မနည်း ဒဏ်ရာရရှိသွားခဲ့ရသည်။

ထို့အပြင် ရက္ခိုင်တွင် စစ်ကော်မရှင်က အပြစ်မဲ့‌ဒေသခံပြည်သူများနှင့် စစ်ရှောင်များကို လေကြောင်းမှ ရည်ရွယ်ချက်ရှိရှိပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် အောက်တိုဘာလ တစ်လတာအတွင်း စုစုပေါင်း သေဆုံးသူ ၂၆ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၉၆ ထက်မနည်း ရှိခဲ့ကြောင်း Arakan Bay News ၏ စစ်တမ်းကောက်ချက်အရ သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ