AB News – အောက်တိုဘာ ၃၀၊ ၂၀၂၆
ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာနှင့် မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာတို့ရှိ စာသင်ကျောင်းများကို စစ်ကော်မရှင်တပ်က ဂျက်တိုက်လေယာဉ်များနှင့် အသေခံဒရုန်း (FPV Drone) များဖြင့် လေကြောင်းမှ ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယနေ့ အောက်တိုဘာ ၃၀ ရက်၊ နံနက် ၂ နာရီခန့်တွင် စစ်ကော်မရှင်တပ်သည် ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာရှိ စာသင်ကျောင်းကို ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း မောင်တောဒေသခံတစ်ဦးက AB News သို့ အတည်ပြု ပြောဆိုသည်။
အဆိုပါ လေကြောင်း တိုက်ခိုက်မှုကြောင့် ကြိမ်ချောင်းကျေးရွာရှိ စာသင်ကျောင်းဆောင်များ ပျက်စီးသွားခဲ့သော်လည်း ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရသည်။
အလားတူ ယမန်နေ့ အောက်တိုဘာ ၂၉ ရက်၊ ည ၉ နာရီအချိန်ခန့် တွင်လည်း စစ်ကော်မရှင်တပ်သည် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာသို့ အသေခံဒရုန်း (FPV Drone) ၂ စီးဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ယင်းအနက် ဒရုန်း ၁ စီးမှာ စာသင်ကျောင်းအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး၊ ကျန် ဒရုန်း ၁ စီးမှာမူ ကျေးရွာအတွင်း မပေါက်ကွဲဘဲ ကျန်ရှိနေခဲ့ကြောင်း သိရသည်။
စစ်ကော်မရှင်တပ်သည် စစ်မြေပြင်တွင် အရေးနိမ့်နေသဖြင့် စစ်ရေးနှင့် မသက်ဆိုင်သည့် အရပ်သား ပြည်သူများ နေထိုင်ရာ ကျေးရွာများနှင့် စာသင်ကျောင်းများကို လေကြောင်းမှ ဆက်တိုက် ပစ်မှတ်ထား တိုက်ခိုက်လျက်ရှိသည်။
ပုံစာ – စစ်တပ်၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် ကြိမ်ချောင်းကျေးရွာ စာသင်ကျောင်းအားတွေ့ရစဥ် (ပုံ – ပေးပို့)


