
AB News – အောက်တိုဘာ ၂၉၊ ၂၀၂၆
မလေးရှားနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းခံသူ ၅,၀၀၀ နီးပါးကို မြန်မာစစ်ကော်မရှင်ထံ ပြန်လည်ပို့ဆောင်ရေး လုပ်ငန်းစဉ်များကို ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မလေးရှား ပြည်ထဲရေးဝန်ကြီး ဆိုင်ဖူဒင် နာဆူတီယွန် အစ္စမေးလ် (Saifuddin Nasution Ismail) က ယနေ့ အောက်တိုဘာ ၂၉ ရက်နေ့တွင် ပြုလုပ်သည့် ပြည်ထဲရေးဝန်ကြီးဌာန လစဉ် အခမ်းအနား၌ ပြောကြားလိုက်သည်။
မြန်မာဒုက္ခသည်များ ပြန်လည်ပို့ဆောင်ရေး အစီအစဉ်ကို ယာယီဆိုင်းငံ့ပေးရန် မလေးရှား ရှေ့နေများအသင်း (Malaysian Bar) ၏ လျှောက်ထားချက်ကို မလေးရှား တရားလွှတ်တော်ချုပ် တရားသူကြီး Norliza Othman က ပယ်ချခဲ့ခြင်းဖြစ်သည်။
တရားရုံးက တားမြစ်မိန့် တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသမျှ ကာလပတ်လုံး နေရပ်ပြန်ပို့ရေး လုပ်ငန်းစဉ်များကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းအမှုနှင့် ပတ်သက်၍ တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်မှု (Judicial Review) ကို လာမည့် ဒီဇင်ဘာလ ၈ ရက် တွင် ထပ်မံ ကြားနာစစ်ဆေးရန် ရက်ချိန်းပေးထားသည်။
ထို့အပြင် ပြည်ထဲရေးဝန်ကြီး ဆိုင်ဖူဒင်က မလေးရှားနိုင်ငံအတွင်း မြန်မာဒုက္ခသည်များ ရှိနေခြင်းကြောင့် လူမှုစီးပွား ပြဿနာအချို့ ကြုံတွေ့ရသော်လည်း ပြည်သူများအနေဖြင့် မိမိတို့သဘောဖြင့် ဒုက္ခသည်များ၏ နေအိမ်များကို တိုက်ခိုက်ခြင်း၊ ကျေးရွာများမှ အဓမ္မ နှင်ထုတ်ခြင်း စသည့် လက်ရဲဇက်ရဲ ပြုလုပ်မှုများကို အထူးရှောင်ကြဉ်ကြရန်နှင့် ဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်များကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များထံသာ လွှဲအပ်သင့်ကြောင်း သတိပေး ပြောကြားခဲ့သည်။
မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် (Anwar Ibrahim) ၏ မနေ့က ထုတ်ဖော်ပြောကြားချက်အရ မလေးရှားနိုင်ငံသည် မြန်မာဒုက္ခသည် ပြဿနာအတွက် စစ်ကော်မရှင် အာဏာပိုင်များနှင့် သံတမန်ရေးအရ ညှိနှိုင်းခဲ့ပြီးနောက် စစ်ကော်မရှင်ဘက်က ၎င်းတို့၏ ကိုယ်ပိုင်စရိတ်ဖြင့် လေကြောင်းနှင့် ရေကြောင်း လိုင်းများ အသုံးပြုကာ မြန်မာနိုင်ငံသားများကို ပြန်လည်ခေါ်ယူရန် သဘောတူညီမှု ရရှိထားခြင်း ဖြစ်သည်။
Bernama သတင်းဌာန၏ ဖော်ပြချက်အရ မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသား ၁၀,၃၀၀ ကျော်ကို ပြန်လည်ပို့ဆောင်ခဲ့ပြီးဖြစ်ကာ၊ ယခု အောက်တိုဘာလအတွင်း၌ပင် မြန်မာနိုင်ငံသား ၃,၀၀၀ ခန့်ကို ထပ်မံ ပို့ဆောင်နိုင်ရန် မျှော်လင့်ထားကြောင်း သိရသည်။
Source: Malay Mail