သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင် မိုးဦးကာလမတိုင်မီ နေအိမ်များပြုပြင်ရန် အရေးပေါ်လိုအပ်နေ

AB News – မေ ၅၊ ၂၀၂၆

ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ရှောင်စခန်းများတွင် မိုးဦးကာလမတိုင်မီ နေအိမ်များပြုပြင်ရန် အရေးပေါ်လိုအပ်နေကြောင်း စစ်ဘေးရှောင်ပြည်သူများက ဆိုကြသည်။

ပြီးခဲ့သည့် ဧပြီ ၂၉ ရက်နေ့၊ ညနေ ၇ နာရီခန့်အချိန်တွင် တိုက်ခတ်ခဲ့သည့် မိုးသက်လေပြင်းကြောင့် ပုဏ္ဏားကျွန်းမြိုနယ်မှ စစ်ဘေးရှောင်စခန်းတစ်ခုတွင် နေအိမ် ၁၁ ဆောင်မှာ လုံးဝ ပြိုလဲ ပျက်စီးခဲ့ပြီး၊ ကျန်နေအိမ်များမှာလည်း ဟောင်းနွမ်း ပျက်စီးနေပြီဖြစ်၍ ပြန်လည်ပြုပြင်ရန် လိုအပ်လျက်ရှိသည်။

အဆိုပါ နေအိမ်များအား ဆောက်လုပ်ထားသည်မှာ ၃ နှစ်ကျော် ကြာမြင့်လာပြီ ဖြစ်သောကြောင့် လေပြင်းဒဏ်မခံနိုင်ဘဲ ပျက်စီးခဲ့ရခြင်းဖြစ်ပြီး ယခုအခါ စစ်ရှောင်ပြည်သူများ၏ နေအိမ်များမှာ ပြန်လည်ပြုပြင်ဆောက်လုပ်ရန် အခက်အခဲရှိနေကြောင်း ဆိုသည်။

“စစ်ရှောင်ရတာ ၃ နှစ်ကျော် ကာလကို ရောက်ရှိလာပြီဖြစ်တဲ့အတွက် ကျွန်နော်တို့ စစ်ရှောင်တွေဟာ အမိုးအကာမလုံလောက်မှု၊ အိမ်တိုင်တွေဟာလည်း ဆွေးမြေးနေပြီးဖြစ်ပြီးတော့ စားဝတ်နေရေမပြေလည်မှုတွေကို ရင်ဆိုင်နေကြရပါတယ်။ စခန်းက စစ်ရှောင်တွေ အကုန်လုံးနီးပါးက တောင်တက်ပြီး ထင်းခုတ်တဲ့ အလုပ်နဲ့ အသက်မွေးနေကြရတာပါ၊ အဲ့ထင်းခုတ်ပြီးရတဲ့ ဝင်ငွေဟာ တစ်နေ့တာ ဝမ်းရေးလောက်ကိုသာ အနိုင်နိုင်ဖြေရှင်းနိုင်တဲ့အတွက် နေအိမ်တွေကိုပြန်လည် မပြုပြင်နိုင်တဲ့အခြေအနေတွေကို ရင်ဆိုင်နေကြရတာပါ။ လေပြင်းတိုက်တဲ့ နေ့ကလည်း အိမ်ခြေ ၁၁ ဆောင်လောက်ဟာ လုံးဝပြိုလဲပျက်စီးခဲ့ရပြီး အခြားနေအိမ်တွေရဲ့ ၈၀ ရာခိုင်နှုန်းနီးပါးမှာ ပျက်စီးသွားခဲ့ပြီး အိမ်ခေါင်မိုးပွင့်၊ ထရံပွင့်၊ ကြမ်းကျိုး၊ အိမ်တိုင်ကျိုး စတဲ့ အခြေအနေမှာရှိနေပါတယ်” ဟု စစ်ဘေးရှောင်စခန်း တာဝန်ခံတစ်ဦးက Arakan Bay News သို့ ပြောသည်။

လက်ရှိမှာ လုံးဝပျက်စီးသွားသည့် နေအိမ်များအပြင် စခန်းအတွင်းရှိ နေအိမ် ၈၀ ရာခိုင်နှုန်းမှာလည်း သက်တမ်းကြာမြင့်နေပြီဖြစ်သောကြောင့် ဓနိမိုးများ ပေါက်ပြဲခြင်း၊ သစ်၊ ဝါးများ ဆွေးမြေးခြင်း၊ နေအိမ်များ ယိုင်နဲ့နေခြင်း ဖြစ်ခဲ့ကြောင်း စစ်ဘေးရှောင်များက ပြောသည်။

မိုးရာသီသို့ ရောက်ရှိလာတော့မည် ဖြစ်သောကြောင့် အမိုးအကာများသာ အလုံအလောက်သာ မရရှိနိုင်ပါက စခန်းရှိ စစ်ရှောင်များမှာ ကျန်းမာရေးဆိုင်ရာပြဿနာများကိုပါ ရင်ဆိုင်ကြုံတွေရနိုင်ကြောင်း စစ်ဘေးရှောင်စခန်းတာဝန်ခံမှ ထပ်မံ ပြောဆိုသည်။

အလားတူ မိုးဦးကာလ မတိုင်မီ မပြုပြင်နိုင်ပါက လေပြင်းဒဏ်နှင့် မိုးသည်းထန်စွာရွာသွန်းမှုများ ထပ်မံဖြစ်ပွားပါက ကျန်ရှိနေသော နေအိမ်များမှာလည်း လုံးဝပြိုကျသွားနိုင်ကြောင်း သိရသည်။

မိုးသက်လေပြင်းတိုက်ခတ်စဥ် နေအိမ်ပြိုကျပျက်စီးခဲ့ခြင်းကြောင့် မိုးရေထဲတွင် နေထိုင်ရန် အခက်အခဲများရှိနေကြောင်း စစ်ရှောင် ဒေါ်တင်တင်ဝင်းက Arakan Bay News သို့ ပြောသည်။

” အခုလို နေအိမ် ပျက်စီးသွားတဲ့အတွက် မိုးရာသီမှာ နေစရာ အိမ်မရှိရင် ဘယ်လိုလုပ်ကြမလဲ ဆိုတာစိုးရိမ်နေပါတယ်။ မိုးရေထဲမှာ ကလေးတစ်ဖက်နဲ့ လုံးဝကို အခက်အခဲဖြစ်ပါတယ်။ ကျမတင်မဟုတ်ဘဲ စစ်ဘေးရှောင် စခန်းတစ်ခုလုံး ဒီလိုမျိုးအခက်အခဲကို ရင်ဆိုင်နေကြရတာပါ။ မနေ့ညကဆိုလည်း မိုးရွာလို့ လသားအရွယ်ကလေးငယ်တွေလည်း မိုးရေထဲမှာပဲ နေကြရပါတယ်၊ ရှိတဲ့အိမ်တွေလည်း မိုးမလုံတော့ပါဘူး” ဟု ဆိုသည်။

အဆိုပါစစ်ဘေးရှောင်စခန်းမှာ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အပါဝင် ရွာပေါင်း ၃၇ ရွာမှ အိမ်ထောင်စု ၄၉၃ စု နေထိုင်လျက်ရှိပြီး အများစုမှာ စားဝတ်နေရေးအကျပ်အတည်းအပြင် နွေရာသီတွင် ရေရှားပါးမှု၊ မိုးရာသီတွင် အမိုးအကာ မလုံလောက်မှုနှင့် ဆောင်းရာသီတွင် အနွေးထည်မလုံလောက်မှု အခက်အခဲများကို နှစ်စဥ်ကြုံတွေနေရကြောင်း သိရသည်။

ရက္ခိုင်တွင် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက ကောက်ယူရရှိထားသည့် စာရင်းများအရ ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ရှောင်စခန်းများတွင် စစ်ဘေးရှောင်ပြည်သူ ၅ သောင်းကျော်အထိ ရှိကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ