
AB News – မေ ၅၊ ၂၀၂၆
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း အာဏာသိမ်းပိုက်ခဲ့သော စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့က သမ္မတရာထူးကို ရယူပြီးနောက် စစ်အုပ်စုသည် ၎င်းတို့၏ အာဏာကို ခိုင်မာအောင် လုပ်ဆောင်ရာတွင် တရုတ်နှင့် ရုရှားတို့အပေါ် အလုံးစုံမှီခိုလာနေကြောင်း ဂျန်ပန်နိုင်ငံ၏ The Japan News by The Yomiuri Shimbun သတင်းစာတွင် ဖော်ပြထားသည်။
ဤအခြေအနေသည် မြန်မာ့ဒီမိုကရေစီအနာဂတ်အတွက်သာမက အင်ဒို-ပစိဖိတ်ဒေသ၏ ပထဝီနိုင်ငံရေးအတွက်ပါ ကြီးမားသော ခြိမ်းခြောက်မှုဖြစ်လာနေကြောင်း ဂျပန်သံတမန်ဟောင်းများနှင့် ကျွမ်းကျင်သူများက ထောက်ပြကြသည်။
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးဟောင်း အီချီရို မာရူယာမာက “မင်းအောင်လှိုင်လက်ထက်မှာ မင်းဆက်တစ်ခု တည်ဆောက်ထားပြီးပါပြီ။ ပိုကောင်းလာဖို့ ၀.၁ ရာခိုင်နှုန်းတောင် ပြောင်းလဲမှုရှိမှာမဟုတ်ဘဲ နှိမ်နင်းမှုတွေက ပိုပြင်းထန်လာဖို့ပဲ ရှိတော့တယ်” ဟု သုံးသပ်ပြောဆိုထားသည်။
ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်နေ့ ကဆုန်လပြည်နေ့တွင် အကျဥ်းသားများကို လွတ်ပေးသည့် လွတ်ငြိမ်းချမ်းသာခွင့်များမှာလည်း အုပ်ချုပ်ရေးအပြောင်းအလဲအတွက်မဟုတ်ဘဲ နိုင်ငံတကာ၏ အသိအမှတ်ပြုမှုရရန် လုပ်ဆောင်သည့် ဟန်ပြလုပ်ရပ်သာဖြစ်သည်။
တရုတ်၏ စွက်ဖက်မှုနှင့် ‘အစာဖြတ်၊ လမ်းဖြတ်’ နည်းဗျူဟာ
တရုတ်နိုင်ငံသည် ဒီမိုကရေစီအင်အားစုများအပေါ် စာနာမှုပြခဲ့သော်လည်း အရေးကြီးသည့်အချိန်တွင် စစ်အုပ်စုဘက်သို့ ပြတ်ပြတ်သားသား ရပ်တည်ခဲ့သည်။ ဘေဂျင်းသည် ၎င်း၏ဩဇာခံ UWSA ကို အသုံးချကာ တိုင်းရင်းသားတပ်ဖွဲ့များထံ လက်နက်စီးဆင်းမှုကို ဖြတ်တောက်ခဲ့သည်။
ထို့အပြင် နယ်စပ်ဂိတ်များ ပိတ်ခြင်းနှင့် ကုန်စည်ဖြတ်တောက်ခြင်းနည်းလမ်းဖြင့် တော်လှန်ရေးအဖွဲ့များကို လားရှိုးမှ ဆုတ်ခွာရန်နှင့် အစာရေစာ ငတ်မွတ်စေရန် ဖိအားပေးခဲ့သည်။
စစ်ခေါင်းဆောင်ကလည်း တရုတ်၏ ဤဖိအားပေးမှုများကြောင့် ငြိမ်းချမ်းရေးကို မြှင့်တင်နိုင်ခဲ့သည်ဟုဆိုကာ ရှီကျင့်ဖျင်ကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
စစ်ရေးအင်အား ပြန်လည်တည်ဆောက်မှု
စစ်အုပ်စုသည် မဖြစ်မနေစစ်မှုထမ်းဥပဒေဖြင့် အင်အားဖြည့်တင်းနေသကဲ့သို့ တော်လှန်ရေးအဖွဲ့များ၏ ဒရုန်းနည်းဗျူဟာကိုလည်း အသုံးချလာသည်။
ကရင်နယ်စပ်ရှိ တိုင်းရင်းသားတပ်ဖွဲ့များမှာ စစ်ကောင်စီ၏ အသေခံဒရုန်း တိုက်ခိုက်မှုများကြောင့် ရုန်းကန်နေရသည်။ ရုရှားထံမှ တိုက်လေယာဉ်နှင့် လက်နက်များ အဆက်မပြတ်ရရှိနေခြင်းသည်လည်း စစ်ကော်မရှင်တပ် ဆက်လက်ရပ်တည်နိုင်သည့် အဓိကအကြောင်းရင်း ဖြစ်သည်။
ဆိပ်ကမ်းဗျူဟာနှင့် ပထဝီနိုင်ငံရေး စိုးရိမ်မှု
တရုတ်သည် ကျောက်ဖြူရေနက်ဆိပ်ကမ်းမှတဆင့် အိန္ဒိယသမုဒ္ဒရာသို့ တိုက်ရိုက်ထွက်ပေါက်ရရန်နှင့် မလက္ကာရေလက်ကြားကို ရှောင်ကွင်းရန် ကြိုးပမ်းနေသည်။ အလားတူ ရုရှားသည်လည်း ထားဝယ်တွင် ဆိပ်ကမ်းနှင့် ရေနံချက်စက်ရုံများ တည်ဆောက်ရန် စစ်အုပ်စုနှင့် သဘောတူထားသည်။
ရန်ကုန်အနီးရှိ သီလဝါရေတပ်စခန်းသို့လည်း ရုရှားစစ်သင်္ဘောများ ဝင်ရောက်ခွင့်ရရှိထားသည်။ ဤဆိပ်ကမ်းများသည် တရုတ်နှင့် ရုရှားအတွက် စစ်ရေးအရ အသုံးပြုနိုင်သည့် ဗျူဟာမြောက်နေရာများ ဖြစ်လာမည်ကို ဂျပန်နှင့် အမေရိကန်တို့က အထူးစိုးရိမ်နေကြသည်။
အမေရိကန်၏ တုံ့ပြန်မှုနှင့် ပိတ်ဆို့မှုအသစ်
အမေရိကန်လွှတ်တော်သည် စစ်အုပ်စု၏ ရန်ပုံငွေနှင့် လေကြောင်းတိုက်ခိုက်မှုစွမ်းရည်ကို ဟန့်တားရန် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE) နှင့် မြန်မာ့စီးပွားရေးဘဏ်တို့ကို ပထမဆုံးအကြိမ် ပိတ်ဆို့အရေးယူမည့် ဥပဒေကြမ်းကို အတည်ပြုရန် ပြင်ဆင်နေသည်။
ဂျပန်၊ အမေရိကန်၊ ဩစတြေးလျနှင့် အိန္ဒိယတို့၏ Quad မူဘောင်ကို ပြင်းပြင်းထန်ထန် ဝေဖန်နေပြီး ယင်းသည် ဒေသတွင်းပဋိပက္ခများကိုသာ ဆိုးရွားစေသည်ဟု စစ်ခေါင်းဆောင်ဟောင်း မင်းအောင်လှိုင် က စွပ်စွဲထားသည်။
သို့သော် မြန်မာနိုင်ငံသည် စစ်မှန်သော ဒီမိုကရေစီနိုင်ငံ မဖြစ်မချင်း ဂျပန်အပါအဝင် နိုင်ငံတကာက စစ်အုပ်စုကို အသိအမှတ်မပြုဘဲ မူဝါဒအသစ်များဖြင့် ဖိအားပေးရန် လိုအပ်နေကြောင်း သုံးသပ်ဖော်ပြထားသည်။
Ref : The Japan News by The Yomiuri Shimbun