AB News – ဇူလိုင် ၇၊ ၂၀၂၆
ရက္ခိုင်ပြည်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၊ ဇီးခုံကျေးရွာတွင် လေဆင်နှာမောင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့သဖြင့် လူနေအိမ်အများအပြား ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံများနှင့် သတင်းရင်းမြစ်များထံမှ သိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၅ ရက်၊ ညနေ ၃ နာရီခွဲခန့်က ဇီးခုံကျေးရွာတွင်လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် နေအိမ်များ၏ အမိုးများ လန်ထွက်ခြင်း၊ အဆောက်အအုံများ ထိခိုက်ပျက်စီးခြင်းများ ဖြစ်ပွားခဲ့ပြီး ပျက်စီးဆုံးရှုံးမှု အသေးစိတ်ကို သက်ဆိုင်ရာတာဝန်ရှိသူများက ဆက်လက်စိစစ်နေကြောင်း သိရသည်။
“လေဆင်နှာမောင်းက အချိန်တိုအတွင်း ပြင်းပြင်းထန်ထန် တိုက်သွားတာပါ။ အိမ်တော်တော်များများ အမိုးတွေ လန်ကုန်ပြီး ပစ္စည်းတွေလည်း ပျက်စီးသွားပါတယ်” ဟု ဖြစ်စဉ်နှင့်နီးစပ်သည့် ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
လက်ရှိအချိန်အထိ လူထိခိုက်ဒဏ်ရာရရှိမှု သို့မဟုတ် သေဆုံးမှုဆိုင်ရာ သတင်းများ မတွေ့ရှိရသေးဘဲ ပျက်စီးဆုံးရှုံးမှု အသေးစိတ်ကို ဆက်လက်စိစစ်လျက်ရှိကြောင်း သိရသည်။
ယင်းအပြင် ဇူလိုင် ၅ ရက်နေ့၊ ညနေ ၆ နာရီခန့်အချိန်က သံတွဲမြို့နယ်၊ ပိန်းတောကြီးရွာ၌လည်း လေဆင်နှာမောင်း ပြင်းထန်စွာ တိုက်ခတ်ခဲ့ခြင်းကြောင့် နေအိမ် ၄၅ ဆောင်ခန့် ပျက်စီးသွားခဲ့ရသည်။
မိုးရာသီကာလအတွင်း ရက္ခိုင်ကမ်းရိုးတန်းဒေသများတွင် မိုးသည်းထန်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် လေဆင်နှာမောင်းဖြစ်ပွားမှုများ ကြုံတွေ့ရတတ်ပြီး ဒေသခံများအနေဖြင့် မိုးလေဝသသတိပေးချက်များကို အနီးကပ်စောင့်ကြည့်ကာ ကြိုတင်သတိပြုနေထိုင်ရန် လိုအပ်သည်။





