သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဆောမြို့နယ်တွင် ပျောက်ဆုံးနေသည့် ယာဉ်မောင်း၏ ရုပ်အလောင်း မြေမြှုပ်ထားသည့်အခြေအနေဖြင့် တွေ့ရှိ

AB New- ဇူလိုင် ၆၊ ၂၀၂၆

မကွေးတိုင်း၊ ဆောမြို့နယ်၊ ငှက်ချောင်ကျေးရွာနှင့် သလယ်ကျေးရွာကြား လမ်းဘေး တောတွင်းတစ်နေရာ၌ မြေမြှုပ်ထားသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို ယမန်နေ့ ဇူလိုင် ၅ ရက် ညနေပိုင်းက တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

တွေ့ရှိခဲ့သည့် ရုပ်အလောင်းမှာ ဇူလိုင် ၂ ရက်ကတည်းက ပျောက်ဆုံးနေသည့် အသက် ၃၇ နှစ်အရွယ် ယာဉ်မောင်း ကိုမျိုးသူအောင်၏ ရုပ်အလောင်းဖြစ်ကြောင်း ဒေသခံများက အတည်ပြုထားသည်။

ဒေသခံများ၏ ပြောကြားချက်အရ ကိုမျိုးသူအောင်သည် ကျောက်မကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ဇူလိုင် ၂ ရက်တွင် တစ်ရွာတည်းနေ ဟင်းသီးဟင်းရွက်ရောင်းချသူ ကိုဇော်မင်းထွန်းနှင့်အတူ ဆိုင်ကယ် ၂ စီးဖြင့် ခရီးထွက်ခဲ့သည်။

လမ်းခရီးတွင် ကိုမျိုးသူအောင်၏ ဆိုင်ကယ် ပျက်သွားသဖြင့် ငှက်ချောင်နှင့် ညောင်ကန်ကြား ချောင်းလမ်းတစ်နေရာ၌ ကျန်ရစ်ခဲ့ပြီး ခရီးဖော်ဖြစ်သူက ကိုမျိုးသူအောင်၏ ကားပိုင်ရှင်ထံ ထိုအခြေအနေကို အကြောင်းကြားကာ သလယ်ကျေးရွာဘက်သို့ ဆက်လက်သွားရောက်ခဲ့ကြောင်း သိရသည်။

အပြန်ခရီးတွင် ကိုမျိုးသူအောင်၏ ဆိုင်ကယ်ကို လမ်းဘေး၌ တွေ့ရှိခဲ့သဖြင့် ကားပိုင်ရှင်ထံ ထပ်မံအကြောင်းကြားကာ အနီးပတ်ဝန်းကျင်တွင် ရှာဖွေခဲ့သော်လည်း မတွေ့ရှိခဲ့ကြောင်းနှင့် မိသားစုနှင့် သက်ဆိုင်ရာ ရပ်ကျေးတာဝန်ရှိသူများကလည်း ရက်အတော်ကြာ ဆက်လက်ရှာဖွေခဲ့သော်လည်း သတင်းအစအန မရရှိခဲ့ကြောင်း သိရသည်။

ဇူလိုင် ၅ ရက် ညနေပိုင်းတွင် ဒေသခံတစ်ဦးက တောတွင်းသို့ ဝါးခုတ်သွားစဉ် မြေဖို့ထားသည့်နေရာတစ်ခုကို သံသယဖြစ်ဖွယ် တွေ့ရှိသဖြင့် သက်ဆိုင်ရာထံ သတင်းပေးပို့ခဲ့ရာ တူးဖော်စစ်ဆေးပြီးနောက် ပုပ်ပွနေသည့် ကိုမျိုးသူအောင်၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦး၏ ပြောကြားချက်အရ ရုပ်အလောင်းမှာ မှောက်လျက်အနေအထားဖြင့် မြေမြှုပ်ထားခြင်းဖြစ်ပြီး လည်ပင်းတွင် အစင်းကြောင်းဒဏ်ရာ၊ နောက်ကျောနှင့် နံကြားပိုင်းတွင် ညိုမဲဒဏ်ရာများ တွေ့ရှိရသော်လည်း ထိုးသွင်းဒဏ်ရာ မတွေ့ရှိရကြောင်း သိရသည်။

ကိုမျိုးသူအောင် ပျောက်ဆုံးချိန်တွင် ငွေသားကျပ် ၆ သိန်း၊ OPPO အမျိုးအစား လက်ကိုင်ဖုန်းတစ်လုံး၊ မှတ်ပုံတင်ကတ်၊ ယာဉ်မောင်းလိုင်စင်တို့ ပါဝင်သည့် ခါးပတ်အိတ်တစ်လုံး ပါရှိခဲ့သော်လည်း ယင်းပစ္စည်းများ ပျောက်ဆုံးနေကြောင်း သိရသည်။

သို့သော် ရုပ်အလောင်းတူးဖော်စဉ် ဘောင်းဘီအိတ်အတွင်းမှ ငွေကျပ် ၂၇,၅၀၀၊ သေဆုံးသူ အသုံးပြုသည့် ဓားမြှောင်တစ်လက်၊ အင်္ကျီ ၃ ထည်နှင့် ဆေးကတ် ၂ ကတ်ကို တွေ့ရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဒေသခံများအကြား ကိုမျိုးသူအောင်မှာ သတ်ဖြတ်ခံရပြီးနောက် ရုပ်အလောင်းကို ဖျောက်ဖျက်ရန် မြေမြှုပ်ထားခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုမှုများ ရှိနေသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်