AB News – ဇူလိုင် ၂၆၊ ၂၀၂၆
မကွေးတိုင်း၊ ဆောမြို့နယ်အတွင်း အင်အား ၃,၀၀၀ ခန့်ဖြင့် ထိုးစစ်ဆင်လာသည့် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့များအကြား ရက်ပေါင်း ၆၀ နီးပါး ကြာမြင့်လာသည့် တိုက်ပွဲများအတွင်း စစ်ကော်မရှင်ဘက်မှ တပ်သား ၁၀၀ ခန့် သေဆုံးပြီး ၇၀၀ မှ ၈၀၀ အထိ ပြင်းထန်ဒဏ်ရာရရှိထားကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
ပြီးခဲ့သည့် မေလနောက်ဆုံးပတ်မှစ၍စစ်ကော်မရှင်တပ်မှ အတင်းအဓမ္မ စုဆောင်းထားသော စစ်မှူးထမ်းတပ်သားများဖြင့် ထိုးစစ်ကိုဆင်နွှဲနေခြင်းဖြစ်ပြီး လက်ရှိတိုက်ပွဲအတွင်း စစ်အင်အား ၁၀၀ ကျော်ခန့်အထိသေဆုံးမှုရှိကာ တပ်သား ၇၀၀ မှ ၈၀၀ ခန့်အထိ ထိခိုက်ဒဏ်ရာရရှိမှုရှိကြောင်း စစ်ရေးနှင့်နီးစပ်သူတစ်ဦး၏ ပြောဆိုချက်အရသိရသည်။
အဆိုပါ စစ်ကြောင်းတွင် ကျောက်ထုအခြေစိုက် အမြှောက်တပ်စစ်ဌာနချုပ် (အမတ-၃၅၈၊ ၃၆၈)၊ မိတ္ထီလာအခြေစိုက် တပ်မ-၉၉ နှင့် ပေါက်မြို့နယ် ကပစ-၂၄၊ ၂၅ တို့မှ တပ်ဖွဲ့ဝင်များ ပါဝင်ကြောင်း သိရသည်။
“စစ်ကော်မရှင်က မင်းတပ်နဲ့ ကန့်ပလက်ဘက်ကို အဓိက ထိုးစစ်ဆင်တာမှာ အထိနာတော့ ကပစ-၂၄ နဲ့ ၂၅ ကနေ အင်အားထပ်ဖြည့်တာ။ အဲဒီကနေတစ်ဆင့် ဆောမြို့နယ် ကြီးရွာနဲ့ ရွှေအောင်သာရွာဘက်ကို တိုးဝင်လာတာပါ” ဟု စစ်ရေးနီးစပ်သူတစ်ဦးက AB News သို့ ပြောသည်။
တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှု များပြားနေသည့် စစ်ကော်မရှင်သည် လေကြောင်းပစ်ကူကို အလွန်အကျွံ အားပြုနေရပြီး ဇူလိုင် ၂၄ ရက်တစ်ရက်တည်းမှာပင် ဂျက်ဖိုက်တာဖြင့် ဗုံးအလုံးရေ ၆၀ ခန့်၊ Y-12 ထောက်ပို့လေယာဉ်ဖြင့် ဗုံး ၁၀၀ ကျော်အပြင် ဒရုန်းများပါသုံး၍ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ထို့အပြင် ယမန်နေ့ကလည်း Mi-35.P တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် ကျောက်ထုမြို့နှင့် အမတ – ၃၅၈ ကာဗာယူ၍ ပစ်ကူပေးခဲ့ရသလို၊ အမတ – ၃၆၈မှ ဒဏ်ရာရတပ်သားများကို Mi-17 ထောက်ပံ့ရေးရဟတ်ယာဉ် ၂ စီးဖြင့် မကွေးနှင့် ကျောက်ထုဘက်သို့ ပြန်လည်သယ်ထုတ်သွားခဲ့ရသည်။
လက်ရှိတွင် စစ်ကော်မရှင်တပ်နှင့် CPU/CPA၊ YDF၊ YA အပါအဝင် ဒေသခံမဟာမိတ် ပူးပေါင်းတပ်များအကြား တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။
စစ်ကော်မရှင်တပ်သားများသည် ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲကာ ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ပိတ်မိနေသည့် စစ်ဘေးရှောင်ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြုလုပ်နေသဖြင့် တပြင်း-ကျောက်ထု-ဆော-လောရှည် လမ်းကြောင်းတစ်လျှောက်ရှိ ကျေးရွာပေါင်းများစွာမှ ဒေသခံများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ရွာအတွင်း ပိတ်မိကျန်ရှိနေသူများလည်း ရှိကြောင်း သိရသည်။
ဓာတ်ပုံ – ယောအလင်းတန်း
