AB News – ဇူလိုင် ၆၊ ၂၀၂၆
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားခရိုင်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွား၍ ယနေ့ ဇူလိုင်လ ၆ ရက် နံနက်ပိုင်းအချိန်တွင် မူဆလင်ဒုက္ခသည် ၈ ဦးအပါအဝင် ၉ ဦး သေဆုံးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်ဒေသတွင်း မီဒီယာများတွင် ရေးသားဖော်ပြထားသည်ကို တွေ့ရှိရသည်။
သေဆုံးသူ ၈ ဦးမှာ အုခီးယားဒုက္ခသည်စခန်းမှ ဖြစ်ပြီး အခြားတစ်ဦးမှာမူ ကော့စ်ဘဇား စည်ပင်သာယာနယ်နိမိတ်အတွင်း သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့အပြင် သေဆုံးမှုအတွင်း ကလေးငယ် ၅ ဦးအထိ ပါဝင်ကြောင်း သိရသည်။
မူဆလင်ဒုက္ခသည်စခန်းများတွင် သေဆုံးမှုများ ဖြစ်ပွားခဲ့ကြောင်းနှင့် မိုးအဆက်မပြတ်ရွာသွန်းမှုနှင့် တောင်ကျရေများကြောင့် မြေပြိုမှုများ ဖြစ်ပွားခဲ့ကြောင်း အုခီးယားမြို့နယ် အုပ်ချုပ်ရေးအရာရှိ ပန်နာ အက်ခ်တာ က ပြောကြားခဲ့သည်။
နံနက် ၃ နာရီခန့်တွင် မူဆလင်ဒုက္ခသည်စခန်း အမှတ် (၁၁) ရှိ နေအိမ်များပေါ်သို့ တောင်မြေပြိုကျမှု ဖြစ်ပွားခဲ့ရာ လူ ၄ ဦး သေဆုံးခဲ့ကြောင်း အုခီးယား မီးသတ်တပ်ဖွဲ့နှင့် အရပ်ဘက်ကာကွယ်ရေးဌာနမှ တာဝန်ရှိသူ ဒေါ်လာ တရီပူရာ က ပြောကြားခဲ့သည်။
သေဆုံးသူများမှာ အသက် ၂၇ နှစ်အရွယ် အွမ်မီ ဟာဘီဘာ၊ ၎င်း၏ညီမ အသက် ၁၃ နှစ်အရွယ် တန်ဇီနာ အက်ခ်တာ၊ အသက် ၅ နှစ်အရွယ် မိုဟာမတ် ရီဟန်နှင့် အသက် ၃ နှစ်အရွယ် ဟာရွန်နူ ရာရှစ်တို့ ဖြစ်ကြောင်း အတည်ပြုခဲ့သည်။
ယင်းမတိုင်မီ နံနက် ၁ နာရီ၊ ၄၅ မိနစ်ခန့်တွင် ကူတူပါလောင်ရှိ မူဆလင်ဒုက္ခသည်စခန်း အမှတ် (၇)တွင် တောင်ကျရေစီးနှင့်အတူ ပါလာသော ရွှံ့မြေအောက်၌ မြုပ်သွားခဲ့သဖြင့် အသက် ၇ နှစ်အရွယ် အီခရမ် သေဆုံးခဲ့ကြောင်း သိရသည်။
ဒေသခံများက သတင်းပေးအကြောင်းကြားခဲ့ပြီးနောက် စေတနာ့ဝန်ထမ်းများက ကလေး၏ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိ၍ ပြန်လည်ဆယ်ယူနိုင်ခဲ့ကြောင်း စခန်းခေါင်းဆောင် အီနာယက် အူလာ က ပြောကြားခဲ့သည်။
အခြားဖြစ်စဉ်တစ်ခုတွင်လည်း နံနက် ၁ နာရီ၊ ၁၀ မိနစ်ခန့်အချိန်က ပါလောင်ခါလီ ရှိ ဂျမ်တိုလီ မူဆလင်ဒုက္ခသည်စခန်း အမှတ် (၁၅) တွင် နေထိုင်သူ မိုဟာမတ် ကာမယ် ဟူစိန်၏ နေအိမ်ပေါ်သို့ တောင်မြေပြိုကျမှု ဖြစ်ပွားခဲ့သည်။
ဒေါ်လာ တရီပူရာက ကယ်ဆယ်ရေးအဖွဲ့များသည် ပြိုကျခဲ့သော မြေကြီးနှင့် အပျက်အစီးများအောက်မှ အသက် ၄၄ နှစ်အရွယ် ကာမယ် ဟူစိန်၊ ၎င်း၏ဇနီး အသက် ၃၉ နှစ်အရွယ် ဟူမိုင်ရာ ဘီဂမ်နှင့် ၎င်းတို့၏ သားဖြစ်သူ အသက် ၄ နှစ်အရွယ် မိုဟာမတ် အနပ်စ် တို့၏ ရုပ်အလောင်းများကို ဆယ်ယူရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
ယနေ့ နံနက် ၄ နာရီခွဲအချိန်တွင် ကော့ဘဇားမြို့နယ် စည်ပင်သာယာနယ်မြေ အမှတ် (၁၂) ရပ်ကွက်ရှိ ဆတ္တားဂိုနာဒေသ၌ အလီ အက်ခ်ဘာ၏ နေအိမ်ပေါ်သို့ တောင်စောင်းမြေ တစ်စိတ်တစ်ပိုင်း ပြိုကျခဲ့ရာ ၎င်းနှင့် မိသားစုဝင် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
အသက် ၅၀ အရွယ် အလီ အက်ခ်ဘာမှာ အခြေအနေဆိုးရွားသဖြင့် ကော့ဘဇားခရိုင် ဆာဒါဆေးရုံသို့ ပို့ဆောင်ခဲ့ရာ ဆေးရုံရောက်ရှိပြီးနောက် သေဆုံးခဲ့ကြောင်း ဆရာဝန်များက အတည်ပြုကြေညာခဲ့သည်။
ဒုက္ခသည် ကယ်ဆယ်ရေးနှင့် ပြန်လည်ပို့ဆောင်ရေး ကော်မရှင်နာ မိုဟာမက် မီဇာနူ ရာမန် က ယမန်နေ့ နံနက်ပိုင်းမှ ယနေ့နံနက်ပိုင်းအထိ မိုးအဆက်မပြတ် ရွာသွန်းခဲ့ခြင်းကြောင့် မြေပြိုမှုများ ဖြစ်ပွားခဲ့ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် နောက်ထပ် မတော်တဆမှုများ မဖြစ်ပွားစေရန် အန္တရာယ်ကျရောက်နိုင်သည့် နေရာများတွင် နေထိုင်သူများကို ပိုမိုလုံခြုံသည့် နေရာများသို့ ပြောင်းရွှေ့ပေးနိုင်ရန် ဆောင်ရွက်နေကြောင်းလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
ဓာတ်ပုံ – The Daily Star


