AB News – မတ် ၂၇၊ ၂၀၂၆
နွယ်စိုး
အာရက္ခဒေသအတွင်း ရက္ခိုင်နှင့် မူဆလင် အသိုင်းအဝိုင်းနှစ်ခုကြား အပြန်အလှန် ယုံကြည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုများ ယခင်ထက် ပိုမိုကောင်းမွန်လာသည်ကို AB News က ကွင်းဆင်းစဉ် တွေ့ရှိခဲ့သည်။
ယခင် စစ်ကောင်စီ(စစ်ကော်မရှင်) လက်ထက်တွင် မြောက်ဦးခရိုင်းအတွင်းရှိ မူဆလင်နှင့် ရက္ခိုင် နှစ်ဖက်အသိုင်းအဝိုင်းကြား သဟဇာတဖြစ်မှုနည်းပါးခဲ့ပြီး အပြန်အလှန် ချစ်ကြည်ရင်းနှီးမှုမရရှိခဲ့ကြောင်း ဒေသခံမူဆလင် အမျိုးသား ဟူဆောင်အမော် မှ AB News သို့ ပြောသည်။
‘’စစ်ကောင်စီ အုပ်ချုပ်တဲ့အချိန် ကျွန်တော်တို့ မူဆလင်လူမျိုးတွေ ဒီလို လွတ်လွတ်လပ်လပ် သွားလာခွင့် မရရှိခဲ့ဘူး။ ရက္ခိုင်တွေနဲ့လည်း အလုပ်အတူတူ မလုပ်ခဲ့ရဘူး။ ရက္ခိုင်တွေနဲ့ သွေးကွဲအောင် အမျိုးမျိုးကျွန်တော်တို့ကို လုပ်ခဲ့တယ်။ အခုလိုမျိုး ရက္ခိုင်တွေနဲ့ ချစ်ကြည်ရင်းနှီးမှုမရရှိခဲ့ဘူး။ အခုဆိုရင် အားလုံးအဆင်ပြေတယ်။ ရက္ခိုင်တွေနဲ့လည်း အတူတကွ နေထိုင်ရတာအဆင်ပြေသလို ခွဲခြားဆက်ဆံတာမျိုး မရှိဘူး “ ဟု ပြောသည်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ အုပ်ချုပ်မှုအောက်တွင် ဒေသခံ မူဆလင်များအနေဖြင့် လူမျိုး၊ ဘာသာ ခွဲခြားမှုမရှိဘဲ တန်းတူညီမျှသည့် အခွင့်အရေးများကို ခံစားနေကြရကြောင်း ဆိုကြသည်။
စစ်ကော်မရှင် လက်ထက်တွင် မူဆလင် အသိုင်းအဝိုင်းများသည် လွတ်လပ်စွာ သွားလာခွင့်၊ ပညာသင်ကြားခွင့်နှင့် ကျန်းမာရေးစောင့်ရှောက်မှုစသည့် အခြေခံလူ့အခွင့်အရေးများ ဆုံးရှုံးခဲ့ရသည်။
ရက္ခိုင်-မူဆလင် နှစ်ဖက်အသိုင်းအဝိုင်းကြား စီးပွားရေးနှင့် လူမှုဆက်ဆံရေးများတွင်လည်း အပြန်အလှန် ကူးသန်းရောင်းဝယ်မှုနှင့် ရင်းနှီးစွာ ဆက်ဆံမှုများမှာ ယခင်ထက် ပိုမိုအားကောင်းလာသည်ဟု နောက်ထပ် ဒေသခံ မူဆလင် အမျိုးသမီးတစ်ဦးဖြစ်သည့် ဒေါ်ချိုချို က AB News သို့ ပြောသည်။
‘’စစ်ကော်မရှင်လက်ထက်ကဆိုရင် မူဆလင်တွေက ရက္ခိုင်ရွာတွေကို သွားခွင့်လည်း မရရှိခဲ့ဘူး။ နောက်ပြီး စီးပွားရေးနဲ့ လူမှုဆက်ဆံရေးတွေမှာလည်း ဘာတစ်ခုမှ မကောင်းခဲ့ဘူး။ အခုဆိုရင် ရက္ခိုင်တွေနဲ့ တစ်သွေးတစ်သားတည်း လုပ်ကိုင်စားလို့ရတယ်။ စားဝတ်နေရေးလည်း အဆင်ပြေတယ် “ ဟု ပြောသည်။
လက်ရှိတွင် ရက္ခိုင်နှင့် မူဆလင် ကျောင်းသား၊ ကျောင်းသူများမှာ ခွဲခြားမှုမရှိဘဲ အတူတကွ ပညာသင်ကြားလျက်ရှိသည်ကိုလည်း တွေ့ရှိခဲ့ရသည်။
ရက္ခိုင်နှင့် မူဆလင်များသည် ယခင် ဆယ်စုနှစ်ကျော်အတွင်းက လူမျိုးရေးတင်းမာမှုများကို ကျော်လွှားကာ လူမှုသဟဇာတဖြစ်မှုကို ပြန်လည်တည်ဆောက်နေခြင်းလည်းဖြစ်ကြောင်း မူဆလင်အသိုင်းအဝိုင်းက ဆိုကြသည်။
အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရသည် ရက္ခိုင်ပြည်အတွင်းရှိ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ အတူယှဉ်တွဲ နေထိုင်ရေး မူဝါဒကို လက်တွေ့ ဖော်ဆောင်နေခြင်းဖြစ်သဖြင့် ဘူးသီးတောင်ဒေသ၏ တည်ငြိမ်အေးချမ်းမှုမှာ ပိုမိုခိုင်မာလာနေကြောင်း ဒေသခံများက ထောက်ပြပြောဆိုကြသည်။











