
AB News – မတ် ၂၇၊ ၂၀၂၆
စစ်ကော်မရှင်၏ ပြောရေးဆိုခွင့်ရှိသူ၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးဖြစ်သူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ရာထူးမှ ဖယ်ရှားပြီး ၎င်းနေရာတွင် ဗိုလ်မှူးချုပ် ရဲရင့်အောင် အား အစားထိုးခန့်အပ်ထားကြောင်း စစ်ဘက်နှင့် နီးစပ်သော သတင်းအရင်းအမြစ်များက ပြောကြားသည်။
ယခုကဲ့သို့ ပြောင်းလဲခန့်အပ်မှုမှာ မကြာသေးမီက ထုတ်ပြန်ခဲ့သော စစ်ခေါင်းဆောင်၏ ခါးခွဲစိတ်ကုသမှုနှင့် ပတ်သက်သည့် သတင်းထုတ်ပြန်ချက်တွင် အချက်အလက်များ မကိုက်ညီမှု ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ဖြစ်နိုင်သည်ဟု သတင်းများ ထွက်ပေါ်နေသည်။
စစ်ဘက်နှင့် နီးစပ်သူ တစ်ဦးက “သတင်းထုတ်ပြန်တာမှာ အထက်က ပြောချင်တဲ့ အချက်တွေ မပါဘဲ လွဲသွားတာကြောင့် ခေါ်ပြီး ပြင်းပြင်းထန်ထန် သတိပေးခံရတယ်လို့ ကြားရတယ်” ဟု ပြောသည်။
ထို့ပြင် အဆိုပါကိစ္စနှင့် ဆက်နွယ်၍ ဗိုလ်ချုပ် ဇော်မင်းထွန်းအား စစ်ဘက်အတွင်း စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။
ထိုသို့ စစ်ဆေးမှုများအတွင်း အထက်တန်း စစ်ခေါင်းဆောင်များနှင့် ဆက်ဆံရေးဆိုင်ရာ ပြောဆိုရေးသားထားသော အချက်အလက်များကို တွေ့ရှိခဲ့ကြောင်းလည်း ဆိုသည်။
တစ်ဖက်တွင်လည်း ဧပြီလအစောပိုင်းတွင် ဖွဲ့စည်းနိုင်မည့် အစိုးရသစ်အဖွဲ့တွင် ဗိုလ်ချုပ် ဇော်မင်းထွန်းအား ပြန်ကြားရေးဝန်ကြီးအဖြစ် ခန့်အပ်ရန် လျာထားနေကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။
သို့ရာတွင် ယခုအချိန်အထိ စစ်ကော်မရှင်၏ တရားဝင် ထုတ်ပြန်ချက်များတွင် ဗိုလ်ချုပ် ဇော်မင်းထွန်းအား ဒုဝန်ကြီးနှင့် သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်အဖြစ် ဆက်လက် ဖော်ပြထားဆဲ ဖြစ်ပြီး အထက်ပါ သတင်းများအား တရားဝင် အတည်ပြုချက် မရရှိသေးပေ။