
AB News – ဇွန် ၅၊ ၂၀၂၆
အာရက္ခအမျိုးသား ပညာရေးဌာန(ဗဟို)၊ အာရက္ခအမျိုးသားစာစစ်အဖွဲ့က ရက္ခိုင်ပြည်အတွင်း ကျင်းပခဲ့သည့်အထက်တန်းအဆင့် Grade-12 စာမေးပွဲအောင်စာရင်းသည် ယနေ့ ဇွန်လ ၅ ရက်တွင် ထွက်ရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ကျောင်းတွင်းစစ်စာမေးပွဲ အောင်စာရင်းသည် ပြီးခဲ့သည့် အပတ်က ထွက်ရှိခဲ့ကြောင်း သိရပြီး ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ်အတွက် အထက်တန်းအဆင့် Grade-12 စာမေးပွဲအောင်စာရင်းသည် ယနေ့တွင် ထွက်ရှိခဲ့ကြောင်း ကျောင်းသားမိဘများက အတည်ပြုပြောဆိုသည်။
“Grade 12 စာမေးပွဲကို အာရက္ခအမျိုးသားပညာရေးဌာန(ဗဟို)က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း စစ်ဆေးခဲ့တာဖြစ်ပြီး KG ကနေ Grade 11 အထိ ကျောင်းတွင်းစစ်စာမေးပွဲကို ပြီးခဲ့တဲ့ မတ်လနောက်ဆုံးပတ်မှာ စစ်ဆေးခဲ့တာပါ။ တစ်မြို့နယ်လုံးအောင်ချက်၊ တစ်ပြည်လုံးအောင်ချက်ရာနှုန်းကိုတော့ မသိရသေးဘူး” ဟု Grade 12 ကျောင်းဆရာတစ်ဦးက ဆိုသည်။
လက်ရှိ ထုတ်ပြန်ခဲ့သည့် (Grade-12) အောင်စာရင်းများ၌ အောင်မြင်သော ကျောင်းသားဦးရေနည်းပါးကြောင်း သိရှိရပြီး တစ်ပြည်လုံးအတိုင်းအတာဖြင့် အောင်ချက်ရာခိုင်နှုန်းကိုမူ အတိကျမသိရှိရသေးပေ။
အကြမ်းဖက် စစ်ကော်မရှင်တပ်က စာသင်ကျောင်းများကိုပါ ဗုံးကြဲ တိုက်ခိုက်နေမှုကြောင့် ၂၀၂၃ ခုနှစ် မှစ၍ ရက္ခိုင်ပြည်တွင်း၌ ကျောင်းနေအရွယ် ကလေးငယ်များသည် စာသင်ကျောင်းအခြေပြုပညာသင်ကြားနိုင်ခြင်း မရှိတော့ဘဲ အဆင်ပြေသည့်ပုံစံဖြင့် သင်ကြားနေရခြင်းဖြစ်သည်။
ထို့ကြောင့် အာရက္ခတပ်တော် ထိန်းချုပ်နယ်မြေများတွင်၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှစ၍ ကျောင်းတွင်းစစ်စာမေးပွဲနှင့် အထက်တန်းအဆင့် စာမေးပွဲများကို ကြီးမှူးကျင်းပပေးနေရခြင်းဖြစ်ကြောင်း သိရှိရသည်။