
AB News – ဇွန် ၆၊ ၂၀၂၆
မြောက်ဦးမြို့နယ်တွင် အသက် ၅၈ အရွယ် အမျိုးသမီးကြီးအား အသက် ၁၆ နှစ်အရွယ် လူငယ်မှ လိင်ပိုင်းဆိုင်ရာစော်ကားရန် ကြံစည်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်နေ့၊ ညနေ ၄ နာရီခန့်အချိန်က မြောက်ဦးမြို့နယ်၊ ကျွဲတဲကျေးရွာတွင် အသက် ၅၈ နှစ်အရွယ် ဒေါ်အေးအေး(အမည်လွှဲ) အား အသက် (၁၆) နှစ် အရွယ် မောင်ငြိမ်းကျော် မှ လိင်ပိုင်းဆိုင်ရာစော်ကားရန် ကြိုးစားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ကျွဲတဲကျေးရွာမှ ဦးသိန်းမောင်၏ ကွမ်းသီးခြံတွင် ခြံစောင့်အဖြစ် လုပ်ကိုင်နေသော ဒေါ်အေးအေး အား အဆိုပါ ကျူးလွန်ရန်ကြံစဥ်သူ လူငယ်က ကျေးရွာမှ ကွမ်းသီးခြံသို့ အပြန်လမ်းတွင် ကြံစဥ်ခဲ့ခြင်းဖြစ်ကြောင်း ဒေါ်အေးအေး က ဆိုသည်။
ကျွဲတဲရွာအနီးရှိ တန်းပျင်းကြီးကျေးရွာတွင် နေမကောင်းဖြစ်နေသည့် သားဖြစ်သူထံသို့ လူနာသတင်းမေးရာမှ ပြန်လာချိန်တွင် လိင်ပိုင်းဆိုင်ရာ စော်ကားရန် ကြံစည်ခံခဲ့ရခြင်းဖြစ်ကြောင်း ဒေါ်အေးအေး က AB News သို့ ပြောသည်။
”တစ်ဖက်ရွာမှာရှိတဲ့ အဒေါ်ရဲ့ သားက ကိုယ်တခြမ်း လေဖြတ်နေတယ်ဆိုလို့ လူနာသတင်းသွားမေးတာပါ။ အဲ့ဒီကနေ ကွမ်းသီးခြံကို ပြန်အလာ ညနေ ၄ နာရီလောက်ရှိမယ် ထင်တယ်။ ရွာက အထွက်မှာ မိုးရွာလာလို့ နွားတင်းကုပ်မှာ အဒေါ်က မိုးခိုနေပါတယ်။ အဲ့ချိန်မှာ သူလည်းရောက်လာပြီး မိုးခိုတယ်။ ခဏကြာ မိုးနည်းနည်းတိတ်သွားတော့ ဆက်သွားမလို့အလုပ်မှာ နောက်ကနေ တကောက်ကောက်လိုက်လာပြီး ဆွဲလားရမ်းလားလုပ်ပြီးတော့ အဓမ္မပြုကျင့်ဖို့ကြံခဲတာ။ အဲ့ဒီအချိန်မှာ အဒေါ်က အော်လိုက်တော့ ထွက်ပြေးသွားတယ်” ဟု ဆိုသည်။
ဤကဲ့သို့ ကြံစဥ်မှု ဖြစ်ပွားပြီးနောက် ကွမ်းသီးခြံပိုင်ရှင်နှင့်အတူ ဒေါ်အေးအေးမှာ ရပ်ရွာအုပ်ချုပ်ရေးမှူးထံတွင် သွားရောက်တိုင်ကြားခဲ့ကြောင်း အသက် ၇၃ နှစ်အရွယ် ကွမ်းသီးခြံပိုင်ရှင် ဦးသိန်းမောင် က ဆိုသည်။
“သူက ကျနော့်ကို အခုလို့ဖြစ်ခဲ့တယ်ဆိုတာ ပြန်ပြောပြတယ်။ ကျနော်က ဒီကိစ္စဟာ အခုလိုမျိုး ထားလိုက်လို့မဖြစ်ဘူး။ အခုလိုထားလိုက်လို့ နောက်နှောင်ဖြစ်လာမှာကိုလည်း စိုးရိမ်ရတယ်။ ဒါ့ကြောင့် ရပ်ရွာအုပ်ချုပ်ရေးမှုဆီကို သွားတိုင်ရမယ်ဆိုပြီး သူနဲ့သွားတိုင်ခဲ့ကြပါတယ်” ဟု ဆိုသည်။
အဆိုပါ ဒေါ်အေးအေးမှာ ယောင်္ကျားဖြစ်သူနှင့်အတူ ယင်းကွမ်းသီးခြံတွင် တစ်နှစ်လျှင် စပါး တောင်း ၁၀၀ ခန့်ဖြင့် ခြံစောင့်အဖြစ် အငှားလုပ်ကိုင်နေခြင်းဖြစ်သည်။
လက်ရှိတွင် ၎င်းကြံစဥ်မှုကို ကျူးလွန်ရန် ကြံစဥ်သူ မောင်ငြိမ်းကျော် မှ ဒေါ်အေးအေး ထံသို့ မိဘများနှင့်အတူ လာရောက်ပြီး ဝန်ခံတောင်းပန်ခဲ့သောကြောင့် ကျေးရွာအုပ်ချုပ်ရေးမှုထံတွင် ခံဝန်လက်မှတ်ထိုးကာ ကျေအေးလိုက်ကြောင်း ဒေါ်အေးအေး က ပြောသည်။
ရက္ခိုင်တွင် လိင်ပိုင်းဆိုင်ရာစော်ကားခံရမှုမြင့်တက်နေမှုအပေါ် ဒေသခံများကြားတွင် စိုးရိမ်ပူပန်မှုများ မြင့်တက်နေကြောင်းနှင့် လိင်ပိုင်းဆိုင်ရာ အသိပညာပေးမှုများ ပြုလုပ်ပေးရန် အရေးတကြီးလိုအပ်နေကြောင်းကို အမည်မဖော်လိုသည့် ဒေသခံဆရာမတစ်ဦးက AB News သို့ ပြောသည်။
“အခုနောက်ပိုင်းမှာ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတဲ့အကြောင်းတွေက တစ်လပြီး တစ်လ၊ တစ်မှုပြီး တစ်မှု များလာတယ်။ ပြီးတော့ ကျောင်းနေအရွယ်ကလေးတွေကလည်း အခုလိုကာလမှာ အခြေအနေတွေအမျိုးမျိုးကြောင့် ကျောင်းနဲ့ ဝေးနေတာတွေ၊ ကျောင်းနေတဲ့ကလေးတွေဆိုရင်လည်း ကျောင်းတက်ချိန်တွေမှာဆိုရင်တောင် ကျောင်းကိုမရောက်ပဲ starlink ဆိုင်တွေကို သွားပြီး အင်တာနက်သုံးနေတာတွေ၊ အင်တာနက်ပေါ်ကနေ သူတို့အသက်အရွယ်နဲ့ မသင်တော်တဲ့အရာတွေကို ကြည့်ကြတာတွေကြောင့်လည်း ပါမယ်ထင်ပါတယ်။ နောက်ပြီး ကျောင်းသင်ခန်းစာတွေမှာလည်း sex education တွေကို အရေးတယူသင်ကြားပေးတာမျိုး၊ ရပ်ရွာတွေမှာလည်း လိင်ပိုင်းဆိုင်ရာ အသိပညာပေးမှုတွေကိုလည်း ဂရုတစိုက်နဲ့ လုပ်ဆောင်ပေးစေချင်ပါတယ်” ဟု ၎င်း ကဆိုသည်။
ပြီးခဲ့သည့် ဧပြီလ ၁၄ ရက်နေ့ကလည်း ကျောက်တော်မြို့နယ်၊ သရက်တပင်အုပ်စု၊ ကျောက်တလုံးကျေးရွာမှ အသက်မပြည့်သေးသော ညီအစ်မ ၂နှစ်ဦးအား ယာခင်းပိုင်ရှင်မှ လိင်ပိုင်းဆိုင်ရာစော်ကားမှု ကျူးလွန်ခဲ့ကြောင်း သိရသည်။
ရက္ခိုင်တွင် ၂၀၂၆ ခုနှစ်၊ ၁ လပိုင်းမှ ၅ လပိုင်းအထိ မုဒိမ်းမှု ၈ မှုအထိ ဖြစ်ပွားခဲ့ပြီး ၇ မှုမှာ သက်ငယ်မုဒိမ်းမှုများ ဖြစ်နေသည်ကို တွေ့ရှိရသည်။