သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တရားရုံးတွင် အနိုင်ရထားသည့် ဌာနေတိုင်းရင်းသား မြေယာများပေါ်တွင် ဘင်္ဂလားဒေ့ရှ်စစ်တပ်က “မဝင်ရ” ဆိုင်းဘုတ်စိုက်ထူ ပိတ်ပင်

AB News – နိုဝင်ဘာ ၁၂၊ ၂၀၂၆

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းတောင်တန်းဒေသ (CHT)၊ ခါဂရာချာရီခရိုင်အတွင်း တရားရုံးက ပိုင်ဆိုင်ခွင့် အတည်ပြုပေးထားပြီးဖြစ်သည့် ဌာနေတိုင်းရင်းသား  သက္ကမ (Chakma) များ၏ လယ်ယာမြေများပေါ်တွင် ဘင်္ဂလားဒေ့ရှ်စစ်တပ်က “မဝင်ရ (No Entry)” ဆိုင်းဘုတ်များ လာရောက်စိုက်ထူ ပိတ်ပင်လိုက်သဖြင့် ဒေသခံများ စိုက်ပျိုးလုပ်ကိုင်ခွင့် ဆုံးရှုံးနေကြောင်း သိရသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့က မဟာလ်ချာရီ (Mahalchhari) မြို့နယ်၊ ဂျွိုင်ဆန်ပါရာ (Joysen Para) ကျေးရွာရှိ Jyotish Chandra Chakma နှင့် Sadhan Bhushan Chakma တို့ ပိုင်ဆိုင်သည့် စိုက်ပျိုးမြေများပေါ်သို့ ဒု-ဗိုလ်မှူးကြီး Mohammad Al Jabir Asif နှင့် စခန်းမှူး Mohammad Mizan Mia တို့ ဦးဆောင်သည့် စစ်သား ၂၀ ခန့် ရောက်ရှိလာပြီး မြေယာအငြင်းပွားမှု မပြေလည်မချင်း မည်သူမျှ ဝင်ရောက်ခွင့်မပြုဟုဆိုကာ တားမြစ်ဆိုင်းဘုတ် စိုက်ထူခဲ့ခြင်းဖြစ်သည်။

ခါဂရာချာရီ တရားရုံးက အဆိုပါ မြေယာများကို ဌာနေတိုင်းရင်းသားများ ပိုင်ဆိုင်ကြောင်း ယခင်ကတည်းက အနိုင်ပေး စီရင်ဆုံးဖြတ်ထားပြီး ဖြစ်သော်လည်း စစ်တပ်၏ ဝင်ရောက်ကန့်သတ်မှုများကြောင့် မြေပိုင်ရှင်များမှာ မိမိတို့၏ လယ်ယာမြေပေါ်တွင် စိုက်ပျိုးခွင့်မရဘဲ ဖြစ်နေရသည်။

ယင်းလုပ်ရပ်နှင့် ပတ်သက်၍ မိုင်စ်ချာရီ (Maischhari) ကျေးရွာအုပ်စု ဥက္ကဋ္ဌ Sajai Marma က စစ်တပ်၏ ဝင်ရောက်စွက်ဖက်မှုကို ပြင်းထန်စွာ ဝေဖန်လိုက်ပြီး တရားရုံး၏ စီရင်ဆုံးဖြတ်ချက်များနှင့် ဌာနေတိုင်းရင်းသားများ၏ မိရိုးဖလာ မြေယာပိုင်ဆိုင်ခွင့်များကို လေးစားလိုက်နာရန် တိုက်တွန်းခဲ့သည်။

တစ်ဖက်တွင်လည်း ဘင်္ဂါလီ အခြေချနေထိုင်သူ Mohammad Masud Master ထံမှ စစ်တပ်တပ်မှူးက တာကာငွေ ၅၀,၀၀၀ လာဘ်ယူကာ ယခုကဲ့သို့ ဌာနေတိုင်းရင်းသားများကို ဝင်ရောက်ခွင့် ပိတ်ပင်ပေးခြင်းဖြစ်ကြောင်း ဒေသခံများက စွပ်စွဲပြောဆိုနေကြသော်လည်း ယင်းအချက်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

သို့ရာတွင် ဒု-ဗိုလ်မှူးကြီး Asif ကမူ ဌာနေတိုင်းရင်းသားများနှင့် ဘင်္ဂါလီ အခြေချနေထိုင်သူများအကြား လုံခြုံရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို ထိန်းသိမ်းရန်အတွက်သာ ဆိုင်းဘုတ်စိုက်ထူခြင်းဖြစ်ကြောင်း ဒေသခံမီဒီယာများသို့ တုံ့ပြန်ပြောဆိုထားသည်။

ဂျွိုင်ဆန်ပါရာကျေးရွာသည် ယခင်ကတည်းက ဘင်္ဂါလီ အခြေချနေထိုင်သူများ၏ တိုက်ခိုက်မှုနှင့် မြေယာအငြင်းပွားမှုများ မကြာခဏ ကြုံတွေ့နေရသည့် ဒေသဖြစ်သည်။
​
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့ကလည်း ဘင်္ဂါလီ အခြေချနေထိုင်သူ ၂၀၀ ခန့်က ယင်းကျေးရွာရှိ ဌာနေတိုင်းရင်းသား နေအိမ် ၃၇ လုံးကို မီးရှို့ဖျက်ဆီးကာ ပစ္စည်းများ လုယက်ခဲ့သဖြင့် ဒေသခံ ၄ ဦး ဒဏ်ရာရရှိခဲ့ဖူးသည်။

ထို့အပြင် ပြီးခဲ့သည့် ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းကလည်း မိသားစုပိုင်မြေပေါ်တွင် နေအိမ်ပြန်ဆောက်နေသည့် Hriday Chakma အား ဘင်္ဂါလီများက တားဆီးနှောင့်ယှက်ခဲ့ရာ စစ်တပ်က ဘင်္ဂါလီများဘက်မှ ဘက်လိုက်ကူညီခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။

လက်ရှိတွင် စစ်တပ်၏ ဝင်ရောက်စွက်ဖက်မှုနှင့် ထပ်တလဲလဲ ဖြစ်ပွားနေသည့် မြေယာသိမ်းယူမှုများသည် ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းမှုကို ခြိမ်းခြောက်နေပြီး စစ်တကောင်းတောင်တန်းဒေသ၏ ငြိမ်းချမ်းရေးကို ထိခိုက်စေကြောင်း ဌာနေတိုင်းရင်းသားများက သတိပေး​ပြောဆိုထားကာ တရားရုံး ဆုံးဖြတ်ချက်အတိုင်း အကောင်အထည်ဖော်ပေးရန် တောင်းဆိုလျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ