AB News – ဩဂုတ် ၂၃၊ ၂၀၂၆
မန္တလေးမြို့၊ ဂေါဝိန်ဆိန်ဆိပ်ကမ်းမှ ဆန်တက်လာသည့် စစ်ကော်မရှင်၏ စစ်သင်္ဘော ၁၄ စီးမှ ဧရာဝတီမြစ်ကြောတစ်လျှောက်ရှိ ကျေးရွာများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည့်အပြင် လေကြောင်းတိုက်ခိုက်မှုပါပြုလုပ်ခဲ့သဖြင့် အရပ်သားပြည်သူ ၁ ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင့် သိရသည်။
စစ်ကော်မရှင်၏ စစ်သင်္ဘောအုပ်စုသည် ဂေါဝိန်ဆိန်ဆိပ်ကမ်းမှ ဩဂုတ်လ ၂၁ ရက်နေ့တွင် စတင်ထွက်ခွာလာခဲ့ပြီး မတ္တရာမြို့နယ်၊ သဖန်းဒေါင့်ရွာ အနောက်ဘက်မှစ၍ မြစ်အနောက်ဘက်ရှိကျေးရွာများကို စက်သေနတ်နှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး ဝက်လက်မြို့နယ်၊ ရှိမ္မကားရွာ အရှေ့ဘက်တွင် ကျောက်ဆူးချကာ ညအိပ်ခဲ့သည်။
အဆိုပါ စစ်သင်္ဘောအုပ်စုဆန်တက်လာစဉ် ဩဂုတ် ၂၂ ရက်နေ့၊ နံနက်ပိုင်းတွင် ဝက်လက်မြို့နယ်၊ ကမ်းဖြူရွာကို Y-12 လေယာဉ်ဖြင့် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ ဦး သေဆုံးပြီး အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦး ဒဏ်ရာရရှိခဲ့သည့်အပြင် နေအိမ် ၁ လုံးနှင့် နွား ၂ ကောင်လည်း ထိခိုက်ပျက်စီးသေဆုံးခဲ့ကြောင်း သိရသည်။
ထိုစစ်သင်္ဘောအုပ်စုသည် မြစ်ကမ်းနားဘေးတစ်လျှောက်ကို စက်သေနတ်များဖြင့် ဆက်တိုက်ပစ်ခတ်သည့်အပြင် ဝေဟင်မှ ဗုံးကြဲလေယာဉ်တစ်စီးလည်း ကင်းထောက်ပေးခဲ့ပြီး ၎င်းစစ်သင်္ဘောအုပ်စုသည် ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြမြို့တွင် ကမ်းကပ်ညအိပ်ခဲ့သည်။
အဆိုပါ စစ်သင်္ဘောအုပ်စုတွင် တိုက်ခိုက်ရေးယာဉ် ၂ စီး၊ ကမ်းထိုးယာဉ် ၄ စီးနှင့် တွဲတွန်းသင်္ဘော ၈ စီး ပါဝင်ပြီး ယနေ့ ဩဂုတ် ၂၃ ရက်တွင်လည်း ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဆက်လက်ဆန်တက်ကာ မြစ်ကမ်းဘေးရှိကျေးရွာများကို ပစ်ခတ်နေကြောင်း သိရသည်။
ထို့ကြောင့် ဧရာဝတီမြစ်ကမ်းဘေးရှိနေထိုင်သူများအနေဖြင့် လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုအန္တရာယ်များကို အထူးသတိထားကြရန် တော်လှန်ရေးအင်အားစုများက သတိပေးနိုးဆော်ထားသည်။
Photo – AMM
