သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
သံတွဲကို ဆက်တိုက်ဗုံးကြဲ၊ အရပ်သား ၄ ဦး ဒဏ်ရာရ၊ နေအိမ် နှင့် ကျောင်းပျက်စီး

AB News – ဇူလိုင် ၂၄၊ ၂၀၂၆

ရက္ခိုင်ပြည်၊ သံတွဲခရိုင်၊ သံတွဲမြို့နယ် အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအချို့ကို စစ်ကော်မရှင်တပ်က ဇူလိုင် ၂၄ ရက် နံနက်အစောပိုင်းတွင် ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ အရပ်သားပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်များနှင့် စာသင်ကျောင်းဆောင်များ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဒဏ်ရာရရှိခဲ့သူများမှာ အသက် ၁၄ နှစ်အရွယ် မငယ်ငယ်လွှင်၊ အသက် ၂၀ နှစ်အရွယ် မသက်နှင်းခိုင်၊ အသက် ၂၄ နှစ်အရွယ် မဝါဝါနှင့် အသက် ၅၃ နှစ်အရွယ် ဒေါ်သီတာတို့ ဖြစ်ကြောင်း သိရသည်။

ယနေ့ ဇူလိုင် ၂၄ ရက် နံနက် ၁၂ နာရီ ၂၃ မိနစ် ခန့်တွင် စစ်ကော်မရှင်တပ်သည် သံတွဲမြို့ အမှတ် (၇) ရပ်ကွက်၊ ဒိုးတောင်ရှိ ရွှေရည် စားသောက်ဆိုင် ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပေါက်ကွဲမှုကြောင့် အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အနီးပတ်ဝန်းကျင်ရှိ နေအိမ် ၄ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

ယင်းနောက် နံနက် ၁ နာရီ ၅ မိနစ် ခန့်တွင်လည်း သံတွဲမြို့နယ်၊ ရီကောက်ကျေးရွာ ကို လေကြောင်းမှ ၂ ကြိမ် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျေးရွာရှိ စာသင်ကျောင်းဝင်းအတွင်းသို့ ဗုံးကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းအဆောက်အအုံ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ယမန်​နေ့ ဇူလိုင် ၂၃ ရက် မွန်းတည့် ၁၂ နာရီခန့်တွင်လည်း ငပလီမြို့၊ ဂျိတ္တော (၅) ရပ်ကွက်ရှိ ပုလဲရတနာ ဘုန်းကြီးကျောင်း နှင့် အနီးပတ်ဝန်းကျင်ကို ဂျက်တိုက်လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သံဃာတော်တစ်ပါးနှင့် ကလေးငယ်တစ်ဦး အပါအဝင် အရပ်သား ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ယင်းနေ့ မွန်းလွဲ ၁ နာရီခွဲခန့်တွင် ငပလီမြို့၊ လင်းသာကမ်းခြေရှိ AZ Family Resort ကိုလည်း ဗုံး ၂ လုံးဖြင့် ထပ်မံတိုက်ခိုက်ခဲ့သဖြင့် အရပ်သားတစ်ဦး ထပ်မံဒဏ်ရာရရှိခဲ့ပြီး နေအိမ်အချို့ ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်ကော်မရှင်တပ်သည် သံတွဲမြို့ပေါ်၊ ငပလီမြို့နှင့် အနီးပတ်ဝန်းကျင်ဒေသများကို နေ့ရောညပါ လေကြောင်းမှ ဆက်တိုက်တိုက်ခိုက်နေခြင်းကြောင့် ဒေသခံများမှာ ဗုံးခိုကျင်းများနှင့် ဘေးကင်းရာနေရာများတွင် ပုန်းအောင်းနေရပြီး အချို့မှာလည်း ဘေးလွတ်ရာဒေသများသို့ ယာယီတိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။

Photo -APM

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ