AB News – ဇူလိူင် ၁၁၊ ၂၀၂၆
ရက္ခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ဝေသာလီကျေးရွာတွင် ငှက်ဖျားနှင့် သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ခံထားရသူများအား အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ ကွင်းဆင်းပြီး အခမဲ့ဆေးကုသမှုများ ဆောင်ရွက်နေကြောင်း သိရှိရသည်။
ယနေ့ ဇူလိုင်လ ၁၁ ရက်နေ့တွင် နေ့လယ် ၁၀ နာရီမှ ၃ နာရီ အထိ အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ ဝေသာလီကျေးရွာအတွင်း ငှက်ဖျားနှင့် သွေးလွန်တုပ်ကွေးရောဂါ သံသယရှိသူများနှင့် ကူးစက်ခံထားရသူများအား ပိုးရှိ/မရှိ သွေးဖောက်စစ်ဆေးပေးခြင်း၊ ဆေးဝါးများ အခမဲ့ပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်လျက်ရှိနေကြောင်း သတင်းရရှိသည်။
ဝေသာလီကျေးရွာတွင် ပြီးခဲ့သည့် မေလလယ်ပိုင်းမှ ငှက်ဖျားနှင့် သွေးလွန်တုတ်ကွေးရောဂါ စတင်ဖြစ်ပွားခဲ့ပြီး ဇူလိုင်လအတွင်း ငှက်ဖျားနှင့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၁၅၀ နီးပါး ရှိခဲ့ကာ နို့တိုက်မိခင် အမျိုးသမီး ၂ ဦး သေဆုံးမှုများ ဖြစ်ပွားခဲ့သည်။
“အာရက္ခပြည်သူ့ကျန်းမာရေးဌာနအနေနဲ့ ဝေသာလီကျေးရွာက ရွာသူ/သားတွေကို ငှက်ဖျားနဲ့ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ကုသနိုင်ဖို့ ဒီနေ့ ဇူလိုင်လ ၁၁ ရက်နေ့က စပြီး ကွင်းဆင်း ကုသမှုတွေ ပြုလုပ်နေပါတယ်။ ရောဂါသံသယရှိသူတွေကို သွေးဖောက် စစ်ဆေးပေးတာ၊ ပိုးတွေ့ရှိသူတွေကို လိုအပ်တဲ့ဆေးဝါးတွေ အခမဲ့ ထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်” ဟု အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
၎င်းကျေးရွာတွင် ဇူလိုင်လ ၈ ရက်နေ့က သွေးလွန်တုပ်ကွေးရောဂါကြောင့် နို့စို့အရွယ်ကလေးမိခင် မကြည်ကြည်ဝင်း အသက် ၂၇ နှစ်သည် တိန်ညိုဆေးရုံတွင် နှစ်ရက်ခန့်ကြာ ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့ပြီး ဇူလိုင်လ ၉ ရက်နေ့ကလည်း အသက် ၃၅ နှစ်အရွယ် ကလေး ၃ ဦး မိခင် ဒေါ်ဦးမြသန်း သေဆုံးခဲ့ရသည်။
ထို့ပြင် ယနေ့ ဇူလိုင်လ ၁၁ ရက်နေ့တွင် ရောဂါကြောင့် သေဆုံးသွားသူ မကြည်ကြည်ဝင်း၏ အဘွားဖြစ်သူ ဒေါ်စိန်အောင်ညွန့် ထပ်မံကွယ်လွန်ခဲ့ရာ ဒေသခံအချို့က သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးခြင်းဖြစ်နိုင်ကြောင်း ပြောဆိုမှုများ ထွက်ပေါ်လျက်ရှိသည်။
သို့ရာတွင် အဘွားဖြစ်သူ ကွယ်လွန်ခြင်းမှာ အဆိုပါရောဂါကြောင့် မဟုတ်ဘဲ လူကြီးရောဂါဖြင့်သာ ကွယ်လွန်သွားခြင်းဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။
”အဒေါ်တို့ ရွာမှာက ဖျားနာတဲ့သူတွေ တဖြည်းဖြည်း များလာတာ။ အခုရက်ပိုင်း ရာသီဥတုကလည်း မိုးက ရွာလိုက် ပူလိုက်ဆိုတော့ အဒေါ်လည်း ကိုယ်လက်တွေ ကိုက်ခဲပြီး ဖျားချင်သလို ဖြစ်နေတာနဲ့ စိတ်မချလို့ လာပြတာပါ။ အခုလို ရွာထဲအထိ ကွင်းဆင်းပြီး သွေးဖောက်စစ်ပေးတော့ တကူးတက မြို့ပေါ်အထိ သွားပြစရာ မလိုတော့ အရမ်းအဆင်ပြေပါတယ်။ ဆေးဝါးတွေကိုလည်း အခမဲ့ ပေးတယ်ဆိုတော့ လက်လုပ်လက်စား ဒေသခံတွေအတွက် ငွေကြေးကုန်ကျစရိတ် သက်သာရုံတင်မကဘဲ တကယ့်ကို စိတ်ထဲကနေ ကျေးဇူးတင်မိပါတယ်” ဟု ဝေသာလီကျေးရွာမှ ရောဂါသံသယရှိသူ ဒေါ်မနီခိုင် (၅၉ နှစ်) က ပြောကြားခဲ့သည်။
ဝေသာလီကျေးရွာအတွင်း ရောဂါကူးစက်မှုနှုန်း ထပ်မံမြင့်တက်လာခြင်း ရှိ၊ မရှိကိုလည်း ကျန်းမာရေးဝန်ထမ်းများနှင့် ကျေးရွာကော်မတီအဖွဲ့ဝင်များ ပူးပေါင်းကာ အနီးကပ် ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။
(ဓာတ်ပုံ -အဥ္ဇလီ/Arakan Bay News)



