သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရေကြီးမှုကြောင့် ကျောင်းတောင်ရွာတစ်ရွာလုံးနီးပါးရှိ ကွမ်း​​ခြံများပျက်စီး

AB News- သြဂုတ် ၁၆၊ ၂၀၂၆

ရက္ခိုင်ပြည်တွင် ယခုနှစ် မိုးရာသီ မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ရာ မြောက်ဦးမြို့နယ်၊ ကျောင်းတောင်ကျေးရွာတွင် ကွမ်း​ခြံများ တစ်ရွာလုံးနီးပါး ပျက်စီးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ကွမ်း​ခြံစိုက်ပျိုးရေးကို အဓိကအသက်မွေးဝမ်းကျောင်းအဖြစ် မှီခိုနေကြသည့် ကျောင်းတောင်ကျေးရွာသားများအတွက် ကွမ်း​ခြံများ ပျက်စီးသွားခြင်းသည် တစ်နှစ်စာဝင်ငွေကို ထိခိုက်စေသည့်အပြင် ပျက်စီးသွားသည့် စိုက်ခင်းများ ပြန်လည်တည်ဆောက်ရန်အတွက်လည်း ငွေကြေးထပ်မံရင်းနှီးရမည့် အခြေအနေ ဖြစ်လာခဲ့သည်။

ကျောင်းတောင်ဒေသခံ အသက် ၆၀ နှစ်အရွယ် ကွမ်း​​ခြံစိုက်ပျိုးသူ ဦးဦးစောမောင်၏ ကိုယ်ပိုင်ကွမ်း​ခြံလည်း ရေကြီးမှုအတွင်း ပျက်စီးခဲ့ပြီး ရင်းနှီးမြှုပ်နှံထားသည့် ကွမ်း​ခြံတန်ဖိုး ကျပ်သိန်း ၅၀ ကျော် ဆုံးရှုံးခဲ့သည်ဟု ၎င်းက Arakan Bay News ကို ပြောသည်။

“ကွင်း​ခြံစိုက်ပျိုးတာက အသက် ၃၀ လောက်ကတည်းကစိုက်ပျိုးတာပါ။ စီးပွား‌ရေးအဆင်ပြေတယ် မပြေဘူးဆိုတာထက် စားဝတ်နေရေးတော့ ဖုံလုံတာပေါ့။ကွမ်း‌ရွက်စျေးကောင်းရင်ကောင်း ကောင်းသလို မကောင်းမကောင်းသလို ခံရတာပါဘဲ။ ကွမ်း​ခြံဆုံးရှုံး သွားတဲ့တန်ဖိုးက လက်ရှိစျေးနဲ့ဆိုရင် သိန်း ၅၀ တန်ဖိုးထိ ဆုံးရှုံးတယ်” ဟု ဦးဦးစောမောင်က ပြောသည်။

ကွမ်း​ခြံတစ်ခြံ စိုက်ပျိုးရန်အတွက် အလုပ်သမားငှားရမ်းကာ မြက်ရှင်းလင်းခြင်း၊ ကွမ်းတိုင်နှင့် ကွမ်းညွှန့်များ ပြင်ဆင်ခြင်း၊ သစ်ရွက်ဆွေးနှင့် မြေဩဇာများ ထည့်သွင်းခြင်းတို့ ပြုလုပ်ရပြီး ဝါး ၁၅ ပြန် (​ပေ ၂၇၀) နှင့် ကွမ်းညွှန့် ၆,၀၀၀ ခန့်ပါဝင်သည့် ကွမ်း​ခြံတစ်​ခြံလျှင် ကျပ်သိန်း ၅၀ ကျော်ခန့် ကုန်ကျသည်ဟု ဦးဦးစောမောင်က ဆိုသည်။

ယခုနှစ် ရေကြီးမှုကြောင့် ရက္ခိုင်​ပြည်အတွင်း ကွမ်း​ခြံအများအပြား ပျက်စီးခဲ့သည့်အတွက် ကွမ်းရွက်ဈေးနှုန်းမှာလည်း ယခင်နှစ်များထက် မြင့်တက်လာခဲ့သည်။

ယခင်က ကွမ်းရွက်တစ်ပိဿာလျှင် ကျပ် ၂၀,၀၀၀ ကျော်ခန့်သာ ရှိခဲ့သော်လည်း ယခုနှစ်တွင် ကျပ် ၁ သိန်းနီးပါးအထိ မြင့်တက်ခဲ့ပြီး လက်ရှိတွင် ယာကွမ်းတစ်ပိဿာလျှင် ကျပ် ၆၀,၀၀၀ ခန့် ရှိနေသည်ဟု ဒေသခံများက ပြောသည်။

သို့သော် ကွမ်းရွက်ဈေးနှုန်း မြင့်တက်လာသော်လည်း ကွမ်း​ခြံပျက်စီးမှုကြောင့် ထွက်ရှိသည့် ကွမ်းရွက်ပမာဏ လျော့ကျသွားခြင်းနှင့် စိုက်ခင်းများ ပြန်လည်တည်ဆောက်ရန် ကုန်ကျစရိတ်များ ရှိနေခြင်းကြောင့် ယခုနှစ်တွင် ယခင်နှစ်များကဲ့သို့ အမြတ်အစွန်း မရရှိနိုင်ကြောင်း ကျောင်းတောင်ဒေသခံ ကွမ်း​ခြံစိုက်ပျိုးသူ ဒေါ်ဘုမချေက ပြောသည်။

“လွန်ခဲတဲ့နှစ်က ကွမ်း ၁ ပိဿာ ကိုပေါက်စျေး ၅ထောင်သာ ရှိပြီး ဒီနှစ်ကွမ်းခင်း မပျက်စီးခင်က ကွမ်း ၁ ပိဿာ ကို ၂၅၀၀၀၊ ၃၀၀၀၀ စျေးနှင့်ရောင်းလိုက်ရသေးတယ်။ ကွမ်းရွက်ကို တစ်လမှာ ၂ ခါ ခူးပြီး တစ်ခါခူးရောင်းရင် သိန်း ၁၀ ကျော်လောက်ရတယ်။ ရေမကြီးခင်ကတော့ ကွမ်း​ခြံက အရမ်းလှတယ်။ တစ်ခါခူးရင် ပိဿာ ၃၀
ကျော်ရတယ်။ အဲ့တုန်းကကွမ်း​ဈေးက မတက်သေးဘူး။ အခုဆိုရင် ကွမ်း ၁ ပိဿာ ၇ သောင်းရှိတယ်။ ကွမ်းစျေး ၇ သောင်းရတဲ့အခါ ကွမ်းခင်းက ပျက်စီးသွားပြီ။ ရေမကြီးဘူးဆိုရင်ရှိနေမှာ ရေကြီးတော့ မရှိတော့ဘူး။ ကွမ်းပင်တွေက အရမ်းလှနေတာ။ နေ့ချင်းပျက်စီးသွားတော့ စျေးကောင်းတဲ့အခါ မရောင်းရတော့ဘူး။” ဟု ၎င်းက AB News သို့ပြောသည်။

ကျောင်းတောင်ကျေးရွာတွင် ကွမ်းစိုက်ပျိုးရေးအပြင် တောင်တန်းနှင့် သစ်တောထွက်ပစ္စည်းများကိုလည်း မှီခိုအသက်မွေးကြပြီး မျှစ်ချိုးခြင်း၊ ဝါးခုတ်ခြင်းနှင့် သင်္ဘောဥ (ကတက်ဥ) တူးခြင်းတို့ကိုလည်း လုပ်ကိုင်ကြသည်။

သို့သော် အဓိကအားထားရသည့် ကွမ်း​ခြံများ ပျက်စီးသွားခြင်းကြောင့် ရင်းနှီးမြှုပ်နှံနိုင်သည့် ကွမ်း​​ခြံရှင်အချို့သာ စိုက်ခင်းအသစ်များ ပြန်လည်တည်ဆောက် စိုက်ပျိုးနိုင်ကြသည်။

ကွမ်း​ခြံမှ ထွက်ရှိသည့် ကွမ်းရွက်များကို ပန်းမြောင်းဈေးသို့ သွားရောက်ရောင်းချကြပြီး ရေကြီးမှုမတိုင်မီက ကွမ်းစိုက်ပျိုးရေးမှ ရရှိသည့် ဝင်ငွေသည် ဒေသခံများအတွက် အဓိကအသက်မွေးဝမ်းကျောင်းတစ်ခု ဖြစ်ခဲ့သည်။

ယခုနှစ် ရေကြီးမှုအတွင်း ကျောင်းတောင်ဒေသရှိ ကွမ်း​ခြံများမှာ ခါးကျော်အထိ ရေမြုပ်ခဲ့ပြီး ကွမ်းပင်များ ပျက်စီးခဲ့ကြောင်း ဦးဦးစောမောင်က ပြောသည်။

လက်ရှိတွင် ပျက်စီးသွားသည့် ကွမ်း​ခြံများကို ပြန်လည်စိုက်ပျိုးနေကြသော်လည်း ကွမ်းပင်များတွင် ရောဂါပိုးမကျရောက်စေရန်နှင့် ပြန်လည်အောင်မြင်စွာ စိုက်ပျိုးနိုင်ရန်အတွက် စောင့်ရှောက်မှုများ ထပ်မံပြုလုပ်ရမည်ဖြစ်သည်။

ရေကြီးမှုကြောင့် တစ်ရွာလုံးနီးပါး ပျက်စီးခဲ့သည့် ကွမ်း​ခြံများကို ပြန်လည်တည်ဆောက်ရန် အချိန်နှင့် ငွေကြေးများ ထပ်မံလိုအပ်နေသည့်အတွက် ကျောင်းတောင်ကျေးရွာမှ ကွမ်းစိုက်တောင်သူများအနေဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်း ပြန်လည်ထူထောင်နိုင်ရေးမှာ စိန်ခေါ်မှုတစ်ရပ် ဖြစ်နေသည်။

Photo – AB News

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ