
AB News – မေ ၂၃၊ ၂၀၂၆
ရက္ခိုင်ဒေသတွင်း ပြည်သူများအတွက် ရည်ရွယ်၍ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ (APRG)၊ ဗဟိုအကောက်ခွန်နှင့် အခွန်ဌာန၊ အာရက္ခထီဌာနခွဲက ‘အာရက္ခထီ’ (လောင်ပေါ်) ကို လာမည့် ဇွန်လမှ စတင်ကာ တရားဝင်ရောင်းချပြီး ဇူလိုင်လတွင် စတင်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ အာရက္ခထီ (ဂဏန်း ၆ လုံးပါဝင်သည့် စနစ်) ကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့မှ စတင်ကာ ထီလက်မှတ်တစ်စောင်လျှင် ကျပ် ၁,၀၀၀ နှုန်းဖြင့် စတင်ဖွင့်လှစ်ရောင်းချသွားမည်ဖြစ်ပြီး လာမည့် ဇူလိုင်လ ၁ ရက်နေ့တွင် ပထမဆုံးအကြိမ်အဖြစ် စတင်ဖွင့်လှစ်ပေးသွားမည်ဖြစ်သည်။
အာရက္ခထီဖွင့်ပွဲများကို လစဉ် ၁ ရက်နေ့တိုင်း ကျင်းပသွားရန် လျာထားပြီး၊ အွန်လိုင်း (Online) စနစ်အပြင် အခြားသော မီဒီယာများမှတဆင့် လစဉ် ထုတ်လွှင့်ပြသသွားမည်ဟု ထုတ်ပြန်ထားသည်။
ဆုကြေးငွေများအနေဖြင့် အမြင့်ဆုံးဆုဖြစ်သည့် ပထမဆု ကျပ်သိန်း ၅၀၀ (၁ ဆု)၊ ဒုတိယဆု ကျပ်သိန်း ၃၀၀ (၁ ဆု)၊ တတိယဆု ကျပ်သိန်း ၁၀၀ (၁ ဆု)၊ စတုတ္ထဆု ကျပ်သိန်း ၅၀ (၆ ဆု)၊ ပဉ္စမဆု ကျပ် ၁၀ သိန်း (၁၀ ဆု) နှင့် ဆဋ္ဌမဆု ကျပ် ၅ သိန်း (၂၀ ဆု) အပါအဝင် စုစုပေါင်း ဆုမဲအရေအတွက် ၃၉ ဆုအထိ ခွဲဝေချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အာရက္ခထီ ရောင်းရငွေ၏ ၅၀ ရာခိုင်နှုန်းကို ဆုမဲအဖြစ် ပြန်လည်ခွဲဝေပေးသွားမည်ဖြစ်ပြီး ကျန် ၅၀ ရာခိုင်နှုန်းကို ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ (လမ်းတံတား တည်ဆောက်ခြင်း အပါအဝင်) တွင် ပြန်လည်အသုံးပြုသွားမည်ဟု အာရက္ခထီဌာနခွဲက အသိပေးထားသည်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အာရက္ခထီကို ယခုကဲ့သို့ တရားဝင် ဖွင့်လှစ်ပေးမည့်အပေါ် ဒေသခံပြည်သူများအကြား စိတ်ဝင်စားမှု မြင့်တက်နေသည်။
“အရင်ကတော့ တခြားတရားမဝင်ထီတွေကိုပဲ ခိုးထိုးနေရတာ။ အခုက မိမိတို့ အစိုးရက တရားဝင်ဖွင့်ပေးတာဆိုတော့ ပိုပြီးတော့ ယုံကြည်စိတ်ချရတာပေါ့။ ထီပေါက်ရင်လည်း ကိုယ့်မိသားစုအတွက် အဆင်ပြေမယ်။ မပေါက်ရင်တောင် ဒီငွေတွေက ကိုယ့်ဒေသဖွံ့ဖြိုးရေးနဲ့ ကျန်းမာရေး၊ ပညာရေးကဏ္ဍတွေမှာ ပြန်သုံးမှာဆိုတော့ တိုင်းပြည်အတွက် တစ်ဖက်တစ်လမ်းက ပါဝင်ကူညီရာရောက်တယ်လို့ ခံစားရတယ်” ဟု ကျောက်တော် ဒေသခံ ၁ ဦးက Arakan Bay News ကို ပြောသည်။
အာရက္ခထီလက်မှတ်များကို အာရက္ခထီဌာနခွဲမှ ဖွင့်လှစ်ထားသော အရောင်းဆိုင်များ၊ သက်ဆိုင်ရာ ခရိုင်/မြို့နယ် အကောက်ခွန်နှင့် အခွန်ဌာနရုံးများတွင် ဝယ်ယူရရှိနိုင်ကြောင်းနှင့် ဆုမဲပေါက်သူများအနေဖြင့် ထီပေါက်သည့်နေ့မှစ၍ တစ်နှစ်အတွင်း တောင်းခံခြင်းမရှိပါက အဆိုပါဆုကြေးငွေများကို အခွန်ဘဏ္ဍာအဖြစ် သိမ်းယူသွားမည်ဖြစ်ကြောင်း စည်းကမ်းချက် ထုတ်ပြန်ထားသည်။
လက်ရှိတွင် ရက္ခိုင်ပြည်အတွင်းရှိ မြို့နယ်အချို့၌ ကံစမ်းလိုသူများ တရားမဝင် ထိုးနေကြသည့် ချဲထီလောင်းကစားမှုများကို မလုပ်ကိုင်ကြရန် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အသိပညာပေး တားမြစ်မှုများ လုပ်ဆောင်နေကြောင်းလည်း သိရသည်။