
AB News – မေ ၂၃၊ ၂၀၂၆
ရက္ခိုင်ပြည်၊ မြောက်ဦးမြို့ရှိ “ရွှေရိုးရာ” KTV မှ ထွက်ပြေးလွတ်မြောက်လာသည့် အသက် ၂၁ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးမှာ ဆိုင်ပိုင်ရှင်များ၏ အတင်းအဓမ္မ လိင်ကျွန်ပြုရန် ခိုင်းစေမှု၊ ငွေကြေးခေါင်းပုံဖြတ်မှုနှင့် လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်မှုများကို ကြုံတွေ့ခဲ့ရကြောင်း ဖွင့်ဟပြောဆိုလာခဲ့သည်။
အဆိုပါ အမျိုးသမီးမှာ ပေါက်တောမြို့နယ်မှဖြစ်ပြီး ပထွေးဖြစ်သူ ၊ မိခင်နှင့် မောင်နှမ ၃ ဦးအနက် အကြီးဆုံးသမီး ဖြစ်သည်။ ထို့ပြင် သူမတွင် အသက် ၅ နှစ်အရွယ် သားငယ်တစ်ဦးရှိပြီး အိမ်ထောင်ကွဲပြီး နေထိုင်လာခဲ့သည်မှာ ၅ နှစ်ခန့် ရှိပြီဖြစ်ကြောင်း သိရသည်။
၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက စစ်တွေမြို့မှ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦး၏ ဆက်သွယ်ပေးမှုကြောင့် “ရွှေရိုးရာ” KTV တွင် ဝင်ရောက်လုပ်ကိုင်ခဲ့ခြင်း ဖြစ်ကြောင်း သူမက AB News သို့ ပြောဆိုသည်။
“နင့်မှာ စားဝတ်နေရေးလည်း အဆင်မပြေဘူး၊ KTV မှာ လုပ်မလားလို့ စစ်တွေက စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက မေးလာပါတယ်။ အဲဒီဆိုင်မှာဆိုရင် ဧည့်သည်က လက်ကိုင်ရုံ ဘာညာလောက်ပဲ၊ ဝင်ငွေလည်းကောင်းတယ် ဆိုပြီး ပြောတာနဲ့ လုပ်ဖြစ်ခဲ့တာပါ” ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် သူမသည် “ရွှေရိုးရာ” KTV တွင် ၂ လကျော်ကြာ ပိတ်လှောင်ခံထားရရာမှ လွတ်မြောက်လာခဲ့ခြင်းဖြစ်ပြီး၊ သူမ ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်ဆိုးကြီးကို ဤကဲ့သို့ ဖွင့်ဟပြောဆိုလာသည်။
“ကျမ အဲဒီကိုရောက်တော့ ၃ လ ခံဝန်လက်မှတ် ထိုးခိုင်းတယ်။ ပြီးတော့ ကျမတို့ကို တစ်ယောက်တစ်ခန်းစီ ခွဲထားပြီး အလုပ်လုပ်နေတဲ့သူ အချင်းချင်း စကားမပြောရဘူး။ တစ်ခါတလေ ဧည့်သည်တွေနဲ့ အဆင်မပြေရင် အခန်းကျဉ်းထဲမှာ ပိတ်လှောင်ထားတာ ခံရတယ်။ ၂၄ နာရီပတ်လုံး အလုပ်လုပ်ရပြီး မနားရဘူး။ အိမ်ပြန်ခွင့်လည်း မပေးဘူး။ အလုပ်ထွက်လို့မရအောင် အကြွေးပေါ် အကြွေးဆင့်တဲ့စနစ်တွေ သုံးပြီးတော့ ကျမတို့အပေါ် ခေါင်းပုံဖြတ် အမြတ်ရှာတယ်” ဟု ဆိုသည်။
၎င်း KTV တွင် တစ်လလျှင် ဝင်ငွေ (ကျပ်သိန်း ၁၀ ဝန်းကျင်ခန့်) ရမည်ဟု ပြောဆိုကာ အလုပ်ဝင်သည့်နေ့တွင် ငွေ ၅ သိန်းနှင့် အဝတ်အထည် ၆ စုံ ကြိုတင်ထုတ်ပေးခဲ့ကြောင်း သိရသည်။
သို့သော်လည်း လကုန်ရက် ရောက်ရှိသည့်အခါ ကြိုတင်ထုတ်ပေးငွေ ၅ သိန်း၊ အဝတ်အထည်ဖိုး ၉ သိန်းကျော်နှင့် ထမင်းစားစရိတ်များကို ဖြတ်တောက်ခဲ့သဖြင့် ပထမလမှာပင် ကျပ် ၁၃ သိန်းခန့် အကြွေးတင်ခဲ့ရကြောင်း သူမက ဆိုသည်။
“ဒါနဲ့ သင်္ကြန်တွက် T-Shirt ၁၀ ထည်နဲ့ ဘောင်းဘီတစ်ထည် ထပ်ဝယ်ခဲ့တယ်။ ဈေးဘယ်လောက်ဆိုတာကို သူတို့က ကြိုမပြောဘူး။ လကုန်တော့ သူတို့ငွေဖြတ်တာ သိန်း ၂၀ ကျော်ထိ အကြွေးတင်သွားတယ်။ ကျမတို့ကို အကြွေးပေါ် အကြွေးတင်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်တာ။ ထမင်းစားစရိတ်ကအစ ထမင်းချက်ဖို့အတွက် ထင်းအဆုံး ကျမတို့ငွေနဲ့ ဝယ်ရတယ်။ ကြက်ဥကြော်တစ်လုံးကို ငွေကျပ်တစ်သောင်းထိ ပေးဝယ်ရတယ်။ အပြင်ကပစ္စည်း ဘာမှပေးမသုံးဘူး။ အင်္ကျီကအစ အစားအသောက်အဆုံး သူတို့ဆီကပဲ မဖြစ်မနေ ဝယ်ရတယ်” ဟု ခေါင်းပုံဖြတ်ခံရပုံကို ရှင်းပြသည်။
KTV တွင် အလုပ်လုပ်နေကြသော အမျိုးသမီးများသည် ဆိုင်ပိုင်ရှင်များ၏ အတွင်းခံအဝတ်အစားများအထိ အကုန်လုံးကို လျှော်ဖွတ်ပေးရပြီး ၎င်းတို့ အိမ်သာတက်ပြီးပါက အိမ်သာရေအဆုံး လောင်းပေးရကြောင်း သိရသည်။
ထို့ပြင် အပြစ်တစ်စုံတစ်ရာ မရှိဘဲ ပါးရိုက်နှက်ခြင်း၊ ဝါယာကြိုးနှစ်ပင်လိမ်ဖြင့် ကျောကုန်းကို ပြင်းထန်စွာ ရိုက်နှက်ဆဲဆိုခြင်းများကိုလည်း ခါးစီးခံခဲ့ကြရကြောင်း သူမ က ဆိုသည်။
၎င်းပြင် ဆိုင်အတွင်း၌ HIV ရောဂါပိုး ကူးစက်ခံထားရသူ ၂ ဦးရှိပြီး၊ ULA အစိုးရ၏ ဆေးဘက်ဆိုင်ရာဌာနက လိင်လုပ်သားများအား HIV ပိုးကာကွယ်ဆေး အခမဲ့ထိုးနှံပေးသည့် အခါတွင်လည်း အဆိုပါအမျိုးသမီး ၂ ဦးကို ဆိုင်ပိုင်ရှင်များက ဆေးမထိုးရအောင် ချန်လှပ်ထားခဲ့ကြောင်း ဖွင့်ဟပြောဆိုခဲ့သည်။
အဆိုပါ “ရွှေရိုးရာ” KTV တွင် သူမနှင့်အတူ အလုပ်လုပ်နေရသည့် အသက် ၁၉ နှစ်နှင့် ၂၀ ကျော်ဝန်းကျင်အရွယ် နောက်ထပ်အမျိုးသမီးငယ် ၂၀ ခန့် ကျန်ရှိနေသေးကြောင်း သိရသည်။
သူမသည် ပြီးခဲ့သည့် ၄ ရက်ခန့်က ညနေ ၇ နာရီကျော်အချိန်တွင် ဓာတ်မီးတစ်လုံးနှင့် ပလိတ်ဓား (ဒေသအခေါ် စက်ဓား) တစ်စင်းကို ယူဆောင်ကာ ကြိုးဖြင့် သံဖြူပြားများကို တွဲချည်နှောင်ထားသည့် ဆိုင်၏ထရံကို ဖြတ်တောက်ပြီး မြောင်းထဲသို့ ခုန်ဆင်းကာ စွန့်စားထွက်ပြေး လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။
ယခုအခါတွင် သူမသည် လုံခြုံစိတ်ချရသည့် နေရာသို့ ရောက်ရှိနေပြီဖြစ်သော်လည်း ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် မွန်းကျပ်မှုများနှင့် စိတ်မပါဘဲ လုပ်ကိုင်ခဲ့ရသည့် မနှစ်မြို့ဖွယ် အလုပ်ကြောင့် လက်ရှိအချိန်အထိ အိပ်မပျော်ခြင်း၊ လန့်နိုးခြင်း ဝေဒနာများကို ခံစားနေရသည်။ မျက်လုံးမှိတ်လိုက်သည်နှင့် ထိုမနှစ်မြို့ဖွယ် အလုပ်အကိုင်မြင်ကွင်းများကို ပြန်လည်မြင်ယောင်နေ၍ အိပ်စက်ရန် ခက်ခဲနေကြောင်း သိရသည်။
ထို့အပြင် သူမနည်းတူ ဆိုင်ပိုင်ရှင်များ၏ ခေါင်းပုံဖြတ် နှိပ်စက်ခြင်းကို ခံနေရသည့် အမျိုးသမီးငယ်များကိုလည်း လွတ်မြောက်စေလိုကြောင်း ပြောဆိုလာခဲ့သည်။
သူမအပြင် ယခင်က ထွက်ပြေးလွတ်မြောက်သွားသူ ၂ ဦးရှိခဲ့ဖူးပြီး ထွက်ပြေးရန် ကြိုးစားစဉ် ပြန်လည်ဖမ်းမိခဲ့သည့် အခြားအမျိုးသမီးငယ်တစ်ဦးမှာ ရိုက်နှက်ခံရကာ အခန်းထဲတွင် သော့ခတ်ပိတ်လှောင်ခြင်း ခံထားရကြောင်းနှင့် အဆိုပါအမျိုးသမီးငယ်အား အလုပ်လုပ်ရန်၊ ထမင်းစားရန်နှင့် အဝတ်လျှော်ရန်အတွက်သာ သော့ဖွင့်ပေးပြီး ကျန်အချိန်များတွင် ပိတ်လှောင်ထားဆဲဖြစ်ကြောင်း သိရှိရသည်။
လက်ရှိတွင် အဆိုပါ “ရွှေရိုးရာ” KTV သည် လိင်လုပ်သား အမျိုးသမီးဝန်ထမ်းများ လိုအပ်နေသဖြင့် နေရာအနှံ့တွင် လူလိုက်လံရှာဖွေနေကြောင်း သိရသည်။
ထိုကဲ့သို့သော KTV ဆိုင်ပိုင်ရှင်များနှင့် ပွဲစားများသည် ရက္ခိုင်ပြည်အနှံ့အပြားသို့ သွားရောက်ကာ သုံးဘီးယာဉ် (ဒေသအခေါ် တုတ်တုတ်ချေ) များဖြင့် တိုက်ရိုက်သွား၍ “ထမင်းဆိုင်မှာ အလုပ်သမားလိုတယ်၊ လစာကောင်းကောင်းရမယ်” ဟုဆိုကာ လိမ်လည်၍ စည်းရုံးကာ ခေါ်ယူမှုများ လုပ်ဆောင်နေကြောင်းလည်း သတင်းထွက်ပေါ်နေသည်။