သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်တွင် ပြည်ပထွက်ခွာရန်ကြိုးပမ်းမှုဖြစ်စဥ်အတွင်း လိမ်လည်အာမခံပေးသူများ ဖမ်းဆီးခံရပြီး ခံဝန်ဖြင့်ပြန်လွှတ်

AB News – စက်တင်ဘာ ၁၀၊ ၂၀၂၆

ရက္ခိုင်တွင် အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဋ္ဌာန်းချက် (NDEP) ကြားမှ ထောက်ခံစာဖြင့် ပြည်ပထွက်ခွာရန်ကြိုးပမ်းမှုဖြစ်စဥ်အတွင်း လိမ်လည်အာမခံပေးခဲ့သူများမှာ (၁) လနီးပါးကြာ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရမှ ခံဝန်ဖြင့်ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။

ရက္ခိုင်ပြည်အတွင်း အာရက္ခတပ်တော် (AA) ၏ အမျိုးသားကာကွယ်ရေးနှင့် အရေးပေါ်ပြဋ္ဌာန်းချက် (NDEP) အရ ပြည်ပထွက်ခွာခွင့်ကို ပိတ်ပင်ထားစဥ်၊ ကုန်သွယ်ရေးအတွက် နယ်စပ်ကို သွားရောက်မည်ဟု အကြောင်းပြကာ လိမ်လည် ထောက်ခံစာထုတ်ယူ၍ ပြည်ပထွက်ရန်ကြိုးပမ်းခဲ့မှုအတွင်း ထောက်ခံစာ တောင်းခံရာမှာ အာမခံပေးခဲ့သည့် အမျိုးသား (၄) ဦးနှင့် အမျိုးသမီး (၃) ဦး စုစုပေါင်း (၇) ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်းဖြစ်သည်။

လက်ရှိတွင် ရက္ခိုင်ပြည်တွင် NDEP ပြဋ္ဌာန်းချက်အရ သတ်မှတ်ထားသည့် အသက်ပြည့်မီသူများကို ပြည်ပထွက်ခွာခွင့် ပိတ်ပင်ကန့်သတ်ထားသည်။

သို့သော်လည်း ကုန်သည်များအနေဖြင့် နယ်စပ်ဒေသ သွားရောက်၍ ကုန်စည်စီးဆင်းမှုပြုလုပ်လိုပါက သက်ဆိုင်ရာ အုပ်ချုပ်ရေးရုံးများတွင် သွားရောက်ခွင့် ထောက်ခံစာ​တောင်းခံရမည်ဖြစ်ပြီး ထောက်ခံစာ လျှောက်ထားရာတွင် သွားရောက်မည့်အကြောင်းအရင်းမှန်ကန်ကြောင်း အသိသက်သေများက အာမခံလက်မှတ်ရေးထိုးပေးရန်လိုအပ်သည်။

ထို့သို့ “ကုန်သွားချမည်” အ​ကြောင်းပြပြီး နယ်စပ်သွားရောက်ခွင့် ထောက်ခံစာထုတ်ယူပြီးနောက်တွင် အမှန်တကယ် ကုန်သွားချခြင်း မဟုတ်ဘဲ နယ်စပ်မှတဆင့် ပြည်ပထွက်ခွာရန်ကြိုးပမ်းမှုများကြောင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ယခုကဲ့သို့ စီစစ်စစ်ဆေးမှုများကို ပြုလုပ်နေခြင်းဖြစ်သည်။

အဆိုပါဖြစ်စဥ်နှင့် စပ်လျဥ်း၍ ထောက်ခံစာတွင် လိမ်လည်ကာ အသိသက်သေအဖြစ် လက်မှတ်ရေးထိုးခဲ့သူများကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရမှ (၁) လ နီးပါးခန့် ထိန်းသိမ်းထားပြီးနောက် ယမန်နေ့ စက်တင်ဘာလ ၉ ရက်၊ မွန်းလွဲ (၄) နာရီခန့်က မြောက်ဦးခရိုင်တွင်း၌ ခံဝန်ကတိလက်မှတ်ရေးထိုးခဲ့ပြီး ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) တာဝန်ရှိသူများက ၎င်းတို့မိသားစုဝင်များထံ ပြန်လည်လွှဲပြောင်း အပ်နှံပေးခဲ့သည်။

ထိန်းသိမ်းခံထားရသူများမှာ မြောက်ဦးမြို့နယ် လက္ကာကျေးရွာမှ (၃) ဦး၊ အိုးထိမ်းကျေးရွာမှ (၃)ဦးနှင့် လက်ရှိ လက္ကာကျေးရွာတွင် စစ်ဘေးတိမ်းရှောင်နေသူ စစ်တွေမြို့နယ်၊ ဗျိုင်ဖြူကျေးရွာမှ စစ်ဘေးရှောင် (၁) ဦးတို့ဖြစ်ကြောင်း သိရသည်။

အလားတူ NDEP ပြဋ္ဌာန်းချက်အရ စည်းကမ်းဖောက်ဖျက်ပါက NDEP သင်တန်းချက်ချင်းတက်ရောက်ရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် ၎င်းတို့ကို ထိန်းသိမ်းစဥ်အတွင်း သိမ်းဆည်းထားခဲ့သည့်  သက်သေခံပစ္စည်းများကိုလည်း မူလအတိုင်းပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့သည်ဟု သိရသည်။

Photo – Arakan Bay News

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ